ကချင်ရှေ့နေများအဖွဲ့မှ သန်းခေါင်စာရင်း အမြင်ဖွင့်သင်တန်းပေးနေ

ကချင်ရှေ့နေများအဖွဲ့မှ သန်းခေါင်စာရင်း အမြင်ဖွင့်သင်တန်းပေးနေ
by -
ဆန်မွန်းရာ

ဆန်မွန်းရာ (မြစ်ကြီးနားသတင်းဂျာနယ်)-ကချင်ရှေ့နေများအဖွဲ့ (Kachin Lawyers’ Group)မှ သန်းခေါင်စာရင်း အမြင်ဖွင့်သင်တန်းကို မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများတွင်လိုက်လံဟောပြော နေသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အိမ်ထောင်စုမေးခွန်းပုံစံတွင် ပါရှိသောဇယား အမှတ်(၈)ဖြစ်သည့် လူမျိုးနှင့် လူမျိုးနွယ်စုများ သင်္ကေတ (Code) သတ်မှတ်ချက် ရှုတ်ထွေးမှှုများရှိနေသည့် အတွက် အမြင်ရှင်းလင်းမှုရှိရန် ပညာပေး လုပ်ဆောင်နေသည်ဟု ယင်းအဖွဲ့မှ ဥက္ကဌဖြစ်သူတရားလွှတ် တော်ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောသည်။

သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ပြည်သူများအား လိုက်လံပို့ချရာတွင် “သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနားလည်သွားအောင်၊ သန်းခေါင်စာရင်းရဲ့ အဓိပ္ပာယ်၊ သန်းခေါင်စာရင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ သန်းခေါင်စာရင်း ဥပေဒေတွေကို ရှင်းရှင်းလင်းလင်း နားလည်သွားဖို့ ဖြစ်တယ်” ဟုပြောသည်။

လက်ရှိ ကချင်ရှေ့နေများအဖွဲ့မှ လူဦးရေ စုစုပေါင်း(၁၄၀၀)ခန့်ကို သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် ပညာပေးကဏ္ဍများလုပ်ဆောင်ပြီးဖြစ်သည်။

၎င်းလူမျိုး၊ သင်္ကေတ (Code) သတ်မှတ်ချက်နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာလူမျိုး၊ တိုင်းရင်းသားခေါင်းဆောင် များနှင့် ဆွေးနွေး တိုင်ပင်ညှိနှိုင်းပြီး အတည်ပြု ဆောင်ရွက်ထားခြင်း မဟုတ်ဘဲ ၁၉၈၃ သန်းခေါင် စာရင်း ကောက်ယူမှုမှ ရရှိသည့် စာရင်းပေါ်အခြေခံပြီး မေးမြန်းထားခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့  လူထုအတွင်း၊ သက်ဆိုင်ရာ မျိုးနွယ်စုများကြား ရှုတ်ထွေးမှုများရှိနေကြောင်း ကချင်ပြည်နယ်ရှိ လူထုအခြေပြုအဖွဲ့အစည်း များက နိုင်ငံတော် သမ္မတဦးသိန်းစိန်အားတင်ပြထားခြင်းများပြုလုပ်ထားသည်။

Most read this week