သံလွင် အရှေ့ခြမ်း၌ အစိုးရတပ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်

သံလွင် အရှေ့ခြမ်း၌ အစိုးရတပ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းရှိ  တပ်စခန်းဖယ်ပေးရန် အစိုးရတပ် တောင်းဆိုမှုကို သျှမ်းပြည် တပ်မတော်  RCSS/SSA က လိုက်လျောခြင်း မရှိသောကြောင့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု RCSS ပြောခွင့်ရက ပြောသည်။

“မိုင်းပန်ကနေ တာ့ဆွပ်ပတ်ကူးတို့ဆိပ်ကူးပြီး တက်လာတဲ့ စစ်ကြောင်း မွန်းလွဲပိုင်း ၃ နာရီ ကနေ ၆ နာရီ အထိ လွယ်လိတ်စီးမှာတိုက်ပွဲဖြစ်တယ်။ အခုလဲ လွယ်ပန်းတုန်းမှာလဲ နှစ်ဘက် ချိန်နေတယ်”  ဟု ပြောခွင့်ရ စိုင်းဆိုင်မိဏ်းက ပြောသည်။

RCSS/SSA တပ်သားများ (Photo: SHAN)

“ကျနော်တို့ အစဉ်အဆက် အရင်ကတည်းကလှုပ်ရှားလာခဲ့တဲ့နေရာလေ။ ကျနော်တို့ တပ်မဆုတ်ပေးနိုင်ပါဘူး။ ဒါ မြန်မာ စစ်တပ်ဘက်က အင်အားဖြည့်ချင်လို့အကြောင်းပြပြီး ဖယ်ခိုင်းတာဘဲဖြစ်တယ်လို့ယူဆတယ်။ ဒါပေမယ့် ဖယ်ပေးဆုတ်ပေး ဖို့အထက်အမိန့် ကျမလာသေးတာကြောင့် ကျနော်တို့ မဖယ်ပေးနိုင်ဘူး။ ထိပ်တိုက်တွေ့ရင်တော့ မလွဲသာမရှောင်သာ တိုက်ပွဲဖြစ်ပွါးရမှာဘဲ” ဟု လည်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှစ၍လည်း  မိုင်းတုံမြို့ အနောက်တောင်ဘက် ( မိုင် ၃၀ ကျော်) လွယ်ပန်းတုန်းရှိ သျှမ်းတပ်စခန်းအား မိုင်းကျွတ်မှ မြန်မာစစ်တပ် စစ်အင်အား ၂၀၀ ခန့်က အင်အားဖြည့်နေ သောကြောင့် နှစ်ဘက်တပ်ဆုတ်ခြင်းမပြုလျှင် ထိပ်တိုက်ရင်ဆိုင်မှုထပ်ဖြစ်လာနိုင်ကြောင်း အဆိုပါမိုင်းတုံဒေသခံအကြီးအကဲတဦးကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်၏ မိုင်းပန်မြို့နယ်အတွင်း အကြီးအကဲ (အုပ်ချုပ်ရေးမှူး) ကလည်း  ဖေဖေါ်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့က မြန်မာအစိုးရ၏ တပ်ပိုင်းဆိုင်ရာအကြီး အကဲများထံသို့ စာတစောင်ရေး သားပေးပို့ထားကြောင်း၊ အဆိုပါစာတွင် မြန်မာစစ်တပ်၏ စစ်ကြောင်းများ လမ်းမကြီးမှ တောပိုင်းဘက် ၆ မိုင်ထက်ပို မဆင်းရန်၊ ဆင်းပါက ကြိုတင်အကြောင်းကြားပေးရန် ပါရှိသည်ဟု နီးစပ်သည့် မိုင်းပန် အရာရှိတဦးကလည်း သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ထိုသို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် သျှမ်းပြည်ပြန် လည်ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်၏ ဆက်ဆံရေးရုံးအား ဖွင့်လှစ်နိုင်ရေးအတွက် အတားအဆီးမဖြစ်နိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြပါသည်။