စူးမလ်၊ ကန္တာရဝတီတိုင်း(မ်)။ ။ ကယားပြည်နယ်အတွင်း သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် ဟောပြောပွဲ များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)ကအသိပညာပေးဟောပြောပွဲများ ပြုလုပ်သော်လည်း ပြည်သူတို့သိရှိမှု နည်းပါးနေသေးကြောင်း သိရသည်။
ကရင်နီအမျိုးသားတိုက်တက်ရေးပါတီ ဆက်ဆံရေးရုံးမှ ဆရာပလုရယ်က “ဒီသန်းခေါင်စာရင်းဟာ အရေးကြီးတယ်။ ဒီနှစ်သုံးဆယ်ကျော်အတွင်းမှာ ပထမဆုံးတစ်ခေါက်ပြန်လုပ်တာပဲ။ ဒီတော့ ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိထားသင့်တယ်ပေါ့နော်။ ဒါပေမယ့် ခု ပြည်သူတွေက မသိသေးတဲ့သူတွေအများကြီး ရှိသေးတယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ပြည်သူများသည် မိမိ၏ မိသားစု စားဝတ်နေရေးကိုသာ အဓိကရှာဖွေလုပ်စားနေကြသည့်အတွက် ဗဟုသုတ အားနည်းနေကြကြောင်းနှင့် ဤသို့ သန်းခေါင်စာရင်းနှင့်ပတ်သက်သော အကြောင်းအရာ ဗဟုသုတများကို လည်း သိရှိသူ အားနည်းနေကြကြောင်း ဆရာပလုရယ်က ဆိုသည်။
ဒီးမော့ဆိုမြို့နယ် လဝကမှူး ဦးမြင့်နိုင်က “ပညာပေးတာတွေရှိနေပေမယ့် မသိသေးတဲ့သူတွေရှိနေ သေးတယ်။ ကျနော်တို့ကတော့ ကျနော်တို့ ဟောမယ့်နေ့ ရှင်းလင်းမယ့်နေ့တွေကို ကြိုပြီးအကြောင်းကြားထားတယ်။ ဒါပေမယ့် သူတို့မလာတာတော့ တချို့လည်း မသိဘူးပေါ့နော်။ လာတဲ့သူတွေတော့ အကုန်လုံးသိတာ ပေါ့နော်” ဟု ဆိုပါသည်။
ဟောပြောချိန်တွေမလာသော ပြည်သူတချို့မှာမသိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုးမှတဆင့် လက်ကမ်းစာ စောင်များကို ဖြန့်ပေးကြောင်းနှင့် ၄င်းတို့ဟောသည့် ၄၁ ပါမေးခွန်းများကိုလည်း မိတ္တူဆွဲပြီး ရပ်/ကျေး သန်းခေါင်စာရင်းကော်မတီကိုလည်း ဆက်ဟောပေးရန် တိုက်တွန်းထားကြောင်း ဒီးမော့ဆိုမြို့နယ် လဝကမှူးက ဆိုသည်။
ဆရာပလုရယ််က “ဒီဟာ ကောက်တာဟာ အရမ်းအရေးကြီးတယ်ပေါ့နော်။ နောက်ကျရင် နိုင်ငံရေးထဲမှာ ကျနော်တို့ ဘယ်လောက်ပါဝင်သင့်လဲ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘယ်လိုလုပ်ဆောင်သင့်သလဲ ဆိုတာတွေက အဲမှာအဖြေထွက်လာမှာဖြစ်တယ်။ ဒါပေမယ့် သူူတုုိ့ဟာ ပြည့်ပြည့်စုံစုံမသိကြသေးဘူး။ တချို့ဆို ခုမှကြားဖူးတယ် တချို့ကျတော့ စိတ်အားထက်သန်ပါတယ်”ဟု ဆိုသည်။
တောင်ယာလုပ်ကိုင်နေသည့် ဦးဘိုးရယ်က “ကျနော်တို့ ဘာမှမသိသေးဘူး။ သန်းခေါင်စာရင်းကောက် တော့မယ် ဆိုတာလောက်ပဲ သိသေးတယ်။ ဘယ်လိုကောက်မလဲ ဘယ်အချိန်မှာကောက်မလဲဆိုတာကျနော်တို့ မသိဘူး။ နောက်ပြီးဘာတွေမေးလာမလဲဆိုတာတွေပေါ့” ဟု ဆိုသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အသိပညာဟောပြောချိန်တွင် မကြားမိကြောင်းနှင့် ဘယ်အချိန်တွင် သန်းခေါင်စာရင်းဟောပြောခဲ့သည်ကို မသိကြောင်း ဦးဘိုးရယ်က ဆိုသည်။
ဆရာပလုရယ်က “ဒီသန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အားလုံးသိထားသင့်တယ်လို့ ကျနော်မြင်တယ်။ ခုလုပ်တော့မယ် အရမ်းနီးကပ်နေပြီ။ ကျနော်တို့ အဖွဲ့အစည်းဖြစ်စေ၊ ပြည်သူလူထုဖြစ်စေ အားလုံး တိတိကျကျသိထားသင့်တာပေါ့နော်။ ပြည်သူတွေ တိတိိကျကျမသိသေးရင် ကောက်တဲ့အချိန်မှာ ကွဲလွဲနိုင်တာပေါ့နော်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ဆိုသည်။
လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမည်ဟု သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။