လွန်ခဲ့သည့် ဆယ်စုနှစ် လေးငါးခုမှစ၍ နေ့စဉ်ကြားသိနေရသည့် စကားစု တစ်ခု ရှိသည်။ ယင်းစကားစု သည် အင်အားရှိသူ၊ အာဏာရှိသူ၊ အုပ်စု ရှိသူတို့က သူတို့၏ လုပ်ဆောင်မှု မှန်ကန်ကြောင်း သက်သေပြ သည့်အနေ ဖြင့် လိုအပ်သလို အစဉ်သဖြင့် သုံးစွဲလေ့ရှိသည့် စကားစုလည်း ဖြစ်သည်။
တစ်ဖက်က ခံစားရသူတို့မှာ မိမိဘက်က မှန်ကန်နည်းလမ်းကျသော်လည်း ၎င်းတို့ကဲ့သို့ အင်အား၊ အာ ဏာ၊ အုပ်စုမရှိသဖြင့် အခြေအနေအရ ပြန်လှန် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းစကားစုမှာ တရားဥပဒေနှင့် အညီဆိုသည့် စကားစုပင် ဖြစ်သည်။ အုပ်ချုပ်သူအာဏာပိုင်တို့က ယင်းစကားစုသုံးစွဲပြီး သူတို့၏ လုပ် ဆောင်မှုကို တရားဝင်အောင် ပြောဆိုခဲ့ကြသည်။ တရားမျှတသယောင် ပြောဆိုခဲ့ကြသည်။
ယနေ့ခေတ်ကာလလို အသွင်ကူးပြောင်းကာလ၊ ဒီမိုကရေစီစနစ်သို့ ဦးတည် လျှောက်လှမ်းနေသည့် ကာလဟု တရားဝင်ကြေညာထားသည့် အခါမျိုးတွင် ယင်းစကားစု၏ အနက်အဓိပ္ပာယ်ကို သေသေ ချာချာစဉ်းစား မေးခွန်းထုတ်ဖို့ လိုအပ်မည် ဖြစ်သည်။
တရားဥပဒေနှင့် အညီဆိုပါက တရားဥပဒေ၏ ခေတ်ကာလနှင့် လျော်ညီမှုကို မေးခွန်းထုတ်စရာရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီလက်အောက် စတင်ကျရောက်ခါစ ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် မြန်မာနိုင်ငံ ရာဇသတ်ကြီး (နောက်ပိုင်း ပြစ်မှုဆိုင်ရာဟု အမည်ပြောင်းလဲ) ဥပဒေကို နှစ်ပေါင်း တစ်ရာ့ငါးဆယ် ကျော်လာသည့်တိုင် အဓိက အားကိုးနေဆဲဖြစ်သည်။ ဥပဒေပါ ဒဏ်ကြေးများ သတ်မှတ် ချက်အချို့သည်ပင်လျှင် ခေတ်ကာလ ငွေတန်ဖိုး သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် ပြင်ဆင်သည် မှာ ဆယ်စုနှစ် တစ်ခုသာသာရှိသည်ကို တွေ့ရပေသည်။
ယင်းဥပဒေကို ပြုစုသူ ဗြိတိသျှတို့သည် ယင်းဥပဒေပါ ပုဒ်မများ၊ အခန်းများမှ ရွှေ့ခြင်း၊ ပြင်ဆင်ခြင်းတို့ကိုု အခါအားလျော်စွာ ပြုလုုပ်ခဲ့ကြသော်လည်း ယင်းတိုု့ပြုစုုပြဋ္ဌာန်းခဲ့သည်ကို လက်ခံကျင့်သုံးနေသည့် မြန်မာနိုင်ငံက ပြင်ဆင် ပြောင်းလဲမှု နည်းပါးစွာ ဆက်လက်အသုံုးပြုနေခဲ့သည်။
ဥပမာအားဖြင့် အသရေဖျက်မှု ပုဒ်မကိုု ပြစ်မှုဆိုုင်ရာဥပဒေတွင် နဂိုက ပါ၀င်ခဲ့သော်လည်း ဗြိတိန်နိုင်ငံက ယင်းပုဒ်မကို ပြစ်မှုဆိုင်ရာဥပဒေမှ တရားမမှု ဥပဒေပုဒ်မအဖြစ် ၁၉၈၉ ခုနှစ်ကတည်းက ပြောင်းလဲသတ် မှတ်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ တရားဝင်ပြောင်းလဲခြင်းမပြုမီ နှစ်အတန်ကြာကပင် ယင်းပုဒ်မကိုု လက်တွေ့ စီရင်ရာ၌ တရားမမှုအဖြစ်သာ စီရင်ခဲ့သည်။
ဤသည်မှာ သာဓကတစ်ခုုသာ ဖြစ်သည်။ အခြားသော ပုုဒ်မများလည်း ရှိပေလိမ့်မည်။ ဆိုလိုသည်မှာ ယနေ့အသွင်ကူးပြောင်းရေးလမ်းပေါ် လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံသည် ခေတ်နှင့်မလျော်ညီတော့ သည့် ဥပဒေ၊ အမိန့်ကြေညာချက်များ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ်ပြဋ္ဌာန်းသည့်လုပ်ငန်းကို အရေးကြီးကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ လုုပ်ဆောင်ဖိုု့လိုုသည်ကိုု ဆိုုလိုုရင်း ဖြစ်သည်။
ထိုကဲ့သိုု့ မပြင်ဆင်၊ မပြဋ္ဌာန်း၊ မဖျက်သိမ်းနိုင်ခဲ့ပါက ယနေ့ခေတ်ကာလတွင် ရှင်သန်နေထိုင်ကြသည့် ပြည်သူလူထုကို ကိုလိုနီခေတ် ဥပဒေများဖြင့် အုပ်ချုပ်နေခြင်းကြောင့် မလိုုလားအပ်သည့် ပဋိပက္ခ၊ နစ်နာ မှု၊ မကျေနပ်မှု၊ ပွတ်တိုုက်မှုများ ပေါ်ထွက်လာစရာရှိခြင်းကြောင့် ဖြစ်ပေသည်။
သိုု့ဖြစ်၍ လုပ်ရပ်တိုင်းကို ဥပဒေစာအုပ်ထဲမှာ ရှိရုံမျှဖြင့်တရားဥပဒေနှင့် အညီဖြစ်သည်ဟု ပြောဆို၍မရ တော့သည့် အခြေအနေ၊ ယနေ့ရောက်ရှိနေသည့် ကာလ၊ ဦးတည်သွားမည့် ပန်းတိုုင်နှင့် ချိန်ညှိ၍ အုုပ် ချုပ်သူ အာဏာရှိသူများ သုံးသပ်လုုပ်ဆောင်နိုင်ရန် တိုက်တွန်းရေးသားလိုက်ရပေသည်။