အခြေခံဥပဒေမပြင်လျှင် ဖက်ဒရယ်အနှစ်သာရ ပြည့်ဝမည်မဟုတ်ဟုဆို

အခြေခံဥပဒေမပြင်လျှင် ဖက်ဒရယ်အနှစ်သာရ ပြည့်ဝမည်မဟုတ်ဟုဆို
by -
မဇ္ဈိမ

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လျှင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ် ပြည်ထောင်စု အနစ်သာရ အပြည့်အဝ ရရှိမည် မဟုတ်ဟု ဖေဖော်ဝါရီလ ၁၂ရက် (၆၇) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

“အခုက အနစ်သာက မပြည့်စုံသေးဘူးလို့ ပြောရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံက အဓိကကျတယ်၊ ဖွဲ့စည်းပုံက ပြည်ထောင်စု ဖွဲ့စည်းပုံဆိုတဲ့နေရာမှာ အပေါ်ယံ မဟုတ်ဘူး။ တန်းတူရေး၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ အာဏာ ခွဲဝေရေးတို့ အများကြီး ပြည့်စုံုမှုရှိမှ တိုင်းပြည်က သာယာပြီးတော ့နားလည်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်မယ်။ မဟုတ်ရင် နိုင်ငံရေး ပြသနာကို နိုင်ငံရေးနဲ့ မရှင်းဘဲ။ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်က သူများ နောက်မှာ ကျန်ရစ်ခဲ့မှာပဲ” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

အလားတူပင် KIO မှ ဗိုလ်မှူးကြီး ဂျီးနောင်၏ အဆိုအရ အစိုးရ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ပါဝင်ခြင်း မရှိသဖြင့် တိုင်းရင်းသားခေါင်းဆောင်များက နိုင်ငံရေးအရ ဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း အစိုးရဘက်က စစ်ရေးနှင့် ဖြေရှင်းနေသဖြင့် ပင်လုံစာချုပ်၏ အနစ်သာရ မရှိသေး သည်ကို တွေ့ရသည်။

“အစက တောင်တန်း ပြည်မ ပူးပေါင်းရေး ကျောက်တိုင်၊ အခုက အစိုးရက ပြည်မတောင်တန်း ပူးပေါင်းရေး ကျောက်တိုင် လို့ ပြောင်းလဲလိုက်တယ်။ အဲဒီကျောက်တိုင်က ကျွန်တော်တို့ ကျောက်တိုင်မဟုတ်ဘူး။ ပင်လုံနဲ့ ပတ်သက်လို့ အရင်လည်း လိမ်ညာခဲ့တယ်။ အခုလည်း လိမ်နေတယ်။ အဲဒါကို ပြန်အလိမ်မခံနိုင်အောင် ကျွန်တော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ကြိုးပမ်းဖို့ တိုက်တွန်းချင်တယ်”ဟု ဗိုလ်မှုးကြီး ဂျီးနောင်က ဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် စုပေါင်းနေထိုင် မိသားစုကဲ့သို့၊ ပြည်ထောင်စု စိတ်ဓါတ်ကဲ့သို့ မရှိပါက ငြိမ်းချမ်းရေး ရရှိမည်မဟုတ်သဖြင့် ယနေ့မှ စပြီး တိုင်းပြည် သာယာဝပြောရေးကို ရှေးရှု၍ ပြည်ထောင်စု စိတ်ဓါတ် နေထိုင်ကြပါစို့ဟု KNU မှ ပဒိုကွယ်ထူးဝင်းက တိုက်တွန်းသည်။

 “ကျွနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ ပြည်ထောင်စုသားတွေဟာ ပြည်ထောင်စု စိတ်ဓါတ်မရှိတဲ့အတွက်ကြောင့် ဆိုလိုတာက စုပေါင်းနေထိုင်၊ စုပေါင်းကာကွယ်၊ စုပေါင်ဖွံဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ စိတ်ဓါတ်မရှိ တဲ့အတွက် ကျနော်တို့ တိုင်းပြည်ဟာ နောက်ကျ ကျန်ခဲ့တယ်”ဟု သူက ဆိုသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်သားအချင်းချင်းကြားတွင် ဖြစ်ပေးခဲ့သည့် သံသယနှင့်ပဋိပက္ခများကြောင့် မိမိတို့ နိုင်ငံသည် နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့သည်ဟု ၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။

အလားတူ တိုင်းရင်းသားပြည်သူ တရပ်လုံးသည် ပင်လုံစိတ်ဓါတ်အခြေခံမူအတိုင်း ပင်လုံစိတ်ဓါတ်အင်အားဖြင့် အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သမ္မတ နိုင်ငံတော် တည်ဆောက်ရန် တက်ညီလက်ညီ ဦးတည်ချီတက်ကြပါရန် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD-LA က ပြည်ထောင်စုနေ့တွင် တိုက်တွန်းလိုက်သည်။