သက်သန္တာလှိုင်(သံလွင်တိုင်းမ်)။ ။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူရာတွင် မွန်ပြည်သစ်ပါတီဝင် များအား အဖွဲ့အစည်းပုံစံဖြင့်ကောက်ယူသွားမည်ဟု မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီဌာန (လဝက) ဒုညွန်မှူးကပြောသည်။
ဒုညွန်မှူး ဦးဝင်းရဲထွဋ် က ’’ သန်းခေါင်စာရင်း ကောက်ဖို့အတွက််တော့ မွန်ပြည်သစ်ပါတီ က သူတို့ဆီကနေ ကောက်ယူမယ့် ဆရာမတွေ လွှတ်ပေးမယ်လို့ပြောတယ်။ ကျနော်တို့က သင်တန်းပေးမယ်၊ နည်းလမ်းတကျ သင်ကြားပေးမှာပါ’’ ဟုပြောသည်။
သန်းခေါင်စာရင်းကောက်ယူမည့်အမျိုးအစား ၄ မျိုးထဲမှ အဖွဲ့အစည်များကို မေးမြန်းသည့် မေးခွန်းပုံစံ ၁၁ ချက်ဖြင့် မွန်ပြည်သစ်ပါတီဝင်များကို ကောက်ခံမည်ဖြစ်သည်။
၎င်းမေးခွန်း ပုံစံ ၁၁ သည် တနိုင်ငံလုံးဆိုင်ရာသန်းခေါင်စာရင်းကောက်ယူမည် မေးခွန်း ၄၁ ချက်ထဲမှ အဖွဲ့ အစည်း နှင့်သက်ဆိုင်သည့် မေးခွန်ပုံစံဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူမည့်အမျိုးအစား ၄ မျိုးမှာ-ပုံမှန်အိမ်ထောင်စုများ၊ အဖွဲ့အစည်း (သို့မဟုတ်) စုစည်းနေထိုင်သောအိမ်ထောင်စုများ၊ အထူးလူဦးရေအုပ်စုများနှင့် ယာယီကယ်ဆယ်ရေးစခန်းများတို့ ဖြစ်သည်။
’’ဇန်နဝါရီ ၁၄ ရက်နေ့တုန်းက ကျွန်တော်တို့ အဖွဲ့နဲ့ ပြည်ထောင်စု ၀န်ကြီးဦးခင်ရီနဲ့ တွေ့ဆုံတယ်။ ကျွန်တော်တို့ မွန်မျိုးနွယ်စုတွေကဘာမှာကွဲကွဲပြားပြား မရှိတော့ ပြဿနာမရှိပါဘူး’’ ဟု မွန်ပြည်သစ်ပါ တီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။
တနိုင်ငံလုံး ကောက်ယူပြီးချိန်တွင် မွန်ပြည်သစ်ပါတီတို့မှ ကောက်ယူရခဲ့သောစာရင်းများနှင့် စုပေါင်းမည်ဖြစ်ပြီး မိမိတို့၏ ကောက်ယူရခဲ့သောစာရင်းများကို အခြေပြု၍ နိုင်ငံရေး အတွက်လည်းကောင်း၊ ဥပဒေအတွက်လည်း ကောင်းအသုံးပြုခြင်း မရှိရန်ကိုလည်း ဦးခင်ရီနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း နိုင်အောင်မငေးက ဆက်ပြော သည်။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုသည် ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် ကောက်ယူမှုရှိပြီး ယခုကောက်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော်မှ ပြန်လည်ကောက်ခံခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေစာရင်း တိတိကျကျရရှိရန် ရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ပြီး ပြဌာန်းဥပဒေအတိုင်း အကာအကွယ်ပေးမည်ဟု ဦးခင်ရီက ပြောသည်။