နန်းချောင်ဖော့(ကေအိုင်စီ)။ ။ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြည်နယ်နှင့်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှ ဦးဆောင်ပြီး ကျင်းပခဲ့သည်ဟု ဘားအံခရိုင်လဝကဦးစီးဌာနမှူးက ပြောသည်။
“ဒီလိုအသိပညာပေးခြင်းအားဖြင့် သန်းခေါင်စာရင်းကောက်ယူတဲ့ အချိန်ကျရင် သတ်မှတ်ထားတဲ့အချိန် မှာ အမှန်ဖြေနိုင်ဖို့နဲ့ တိကျတဲ့စာရင်းရဖို့အတွက် အမျိုးသားရေး လုပ်ငန်းစဉ်တရပ်ဖြစ်တယ်” ဟု ဘားအံခရိုင် လဝကဦးစီးဌာနမှူး ဦးမိုးကျော်သူက ကေအိုင်စီသို့ ပြောသည်။
ယင်းအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ဇွဲကပင်ခန်းမ၌ကျင်းပရာတွင် မြို့နယ်အတွင်း ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ရပ်ကျေးမှ ပြည်သူလူထုများစုစုပေါင်း (၄၀၀) ကျော်တက်ရောက်ကြသည်ဟု သိရသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့်သန်းခေါင်စာရင်း ရည်ညွန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ၂၉ ရက်ည သန်းခေါင်ယံနှင့် ဧပြီလ ၁၀ ရက် သန်းခေါင်ယံထိ မြန်မာနိုင်ငံအတွင်းရှိ နေထိုင်သူအားလုံး ကိုကောက်ယူ သွားမည်ဖြစ်ရာ ယင်းကာလအတွင်း မိမိတို့နေအိမ်ရှိနေသူများ ကို မှတ်သားထားရန်နှင့် အိမ်ထောင်စု တစ်စုလျှင်သန်းခေါင်စာရင်းမေးခွန်း (၄၁) ချက်ဖြင့် မေးမြန်းကောက်ယူသွားမည်ဟု လိုက်နာဆောင်ရွက်ရ မည့်အချက်များကို တက်ရောက်လာသည့် ပြည်သူလူထုများနှင့် ဌာနဆိုင်ရာများကို ရှင်းပြသည်။
ဟောပြောပွဲ တက်ရောက်သည့် စောစိန်ထွေးက “ဒီသန်းခေါင်စာရင်း အသိပညာပေးလုပ် တာ သူတို့လုပ်ငန်း အတွက်အကောင်အထည်ဖော်တယ်လို့ ကျွန်တော်မြင်တယ် ဘာဖြစ်လို့လဲဆိုတော့ တက်ရောက်လာတဲ့ လူတွေက ကျောင်းဆရာမတွေ၊ အမျိုးသမီးရေးရာတွေ၊ မိခင်နှင့်ကလေး၊ ရတန်း ၈ တန်းကျောင်းသူကျောင်း သားတွေ၊ ကျေးရွာလူကြီးတွေပဲပါတယ် တကယ့်အခြေခံကျတဲ့ လူထုတွေမပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။ အလားတူ ကော့ကရိတ်မြို့နယ်တွင် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အသိပညာဟောပြောပွဲ ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သကဲ့သို့ ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များ လည်းသက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများက ဟောပြောပေးနေသည်ဟု ဦးမိုးကျော်သူကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၁၉၇၃ ခုနှစ်တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူခဲ့ပြီး ယခုအခါတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူသည့်အခါ မြို့နယ် ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈၊ ကျေးရွာပေါင်း ၆၄၃၄၆ နှင့် အိမ်ထောင်စု ပေါင်း ၁၁ သန်းကို ကျောင်းဆရာ/မများက တစ်အိမ်တက်တစ်အိမ်ဆင်း နည်းဖြင့် စာရင်းကောက်ယူသွားမည်ဟုသိရ သည်။