ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ၎င်း၏သုံးသပ်ချက် အစီရင်ခံစာကို ပြည် ထောင်စု လွှတ်တော်သို့ အချိန်မှီတင်သွင်းခဲ့အပြီး သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်သည့် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၃၁. ၁. ၂ဝ၁၄) တွင် လွှတ်တော်သို့ဖတ်ကြား ခဲ့သည်။
အဆိုပါအစီရင်ခံစာ၌ ထူးခြားစွာ ပါရှိသော ပုဒ်မ ၅၉(စ)၊ ၄၃၆၊ ၃၃၇၊ ၃၃၈၊ ၆(စ)၊ ၄၄၅ စသည့် အရေးကြီး ပုဒ်မများအား မပြင်ဘဲ ထားရန် လူ ၁ဝ၆၁ဝ၂ ဦးတို့က စုစည်းလက်မှတ်ရေးထိုး အကြံပြုထား သည်ဟူသည့် မှတ်ချက်အား အခြေအမြစ်မရှိသည့် ဖန်တီးချက်သာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။
“ဒီမှတ်ချက်တွေဟာ သွေးရိုးသားရိုးမဟုတ်တဲ့ ဖန်တီးထားချက်တစ်ခုလို့ပဲ ကျွန်တော်မြင်ပါတယ်။ ဒါကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ထားတာပဲ။ ပြင်ဆင်ချင်တာကိုဖြစ်စေ၊ မပြင်ချင်တာကိုဖြစ်စေ အရေအတွက် များများရအောင် လုပ်ယူထားတဲ့နည်းပါပဲ။ တစ်ကယ်ဆိုရင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်း ဝင်တွေက ဘာကိုပြင်ဆင်မယ်။ မပြင်ချင်ဘူး စသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ ဖေါ်ပြသင့် ပါတယ်” ဟု အလုံမြို့နယ်မှပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါအစီရင်ခံစာ မှတ်ချက်ကို ကြည့်ပြီး ဆုံးဖြတ်ကြမှာလား ဟူသော မဇ္ဈိမ၏ အမေးကို ၎င်းက “လွှတ်တော်သက်တမ်း က နောက်နှစ်နှစ်ပဲကျန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး လွှတ်တော်မှာ ထမဆုံး ကိုယ်စားလှယ်တွေ ဖြစ်နေတဲ့ ကျွန်တော်တို့ဟာ ဒီလိုလုပ်ကြံ ဖန်တီးမှုတွေကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒီအတွက် အကောင်ဆုံးဖြစ်အောင် ကြိုပြီးစဉ်းစားထားကြပါတယ်” ဟုလည်းဖြေကြားခဲ့သည်။
အဆိုပါ လူ ၁ဝ၆၁ဝ၂ ဦးက အရေးကြီး ပုဒ်မများတိုင်းကို ယခုအတိုင်းဆက်ထားရှိစေ ရန် လက်မှတ်ထိုးအကြံပြု ထားပါသည်ဆိုသော မှတ်ချက်ဖြစ်ပေါ်လာရသည့် အကြောင်းနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဝင် သူရဦးအောင်ကိုက ထိုသို့ရှင်းပြ သည်။
“ပုဒ်မ ၅၉(စ)၊ ပုဒ် ၄၃၆ အရေးကြီးတဲ့ ပုဒ်မတွေပေါ့လေ။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး လူတစ်သိန်းကျော်က မပြင်ပါ နဲ့၊ မထိပါနဲ့လို့ အကြံပြုထားပါတယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ CEC အဖွဲ့ဝင် တစ်ဦးကပူးပေါင်း ကော်မတီကို တင်ပြလာပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ထဲက လူတွေလို့သာသိရပြီး ဘယ်ပါတီဝင်တွေလည်းဆိုတာ ဖေါ်ပြမထားပါဘူး၊ ဒါဟာခိုင်မာမှုမရှိဘူး။ မသေချာဘူးလို့ပဲ ပြောပါရစေ” ဟု ၎င်းကပြောကြားခြင်းဖြစ် သည်။
အဆိုပါ မခိုင်မာသော၊ မသေချာသော၊ ဖန်တီးထားသည်ဟု ပြောကြသောမှတ်ချက်ကို အစီရင်ခံစာပြုစုသည့် နောက်ဆုံးအချိန်မှ ကပ်၍ ပူးပေါင်းကော်မတီသို့ တင်ခဲ့စဉ်က ကျားဖြူပါတီကလည်းကောင်း၊ ပြည်ခိုင်ဖြိုးပါ တီဝင် ဒေါက်တာစိုးရင်(ကမာရွတ်)က လည်းကောင်း၊ အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ရခိုင်ပါတီ ခေါင်းဆောင်တစ်ဦးက ဝင်ရောက်ဖြန်ဖြေကာ ၎င်းပူးပေါင်းကော်မတီအဖွဲ့ဝင်များ၏ ဆန္ဒဖြင့် အစီရင်ခံစာအောက် တွင် မှတ်ချက်အဖြစ် ဖေါ်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတ်ချက်အား စုစည်းတင်ပြလာသူမှာ တောင်ဥက္ကလာပ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တို့ထံမှ သိရသည်။
“ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်လိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့အကျိုးစီပွား ကာကွယ်လိုသူတွေရဲ့ အားပြိုင်မှုတစ် ခု ပါ။ ပုဒ်မ ၅၉(စ)တို့ ၊ ၄၃၆ တို့ကို ဒီအတိုင်းပဲ ထားချင်သူတွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေ လွှတ်တော် ထဲမှာ ရှိနေတယ်။ ဒီလိုအရေးကြီးပုဒ်မ တွေကို မပြင်ဖို့၊ ဖြစ်နိုင်ရင် ပြင်မယ်ဆိုတဲ့သူတွေကို လိုက်ကန့်ကွက်ဖို့စည်းရုံးနေတယ်လို့ ပြန်ကြားရတယ်” ဟု သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးသည်နှင့် တာဝန်ပြီး ဆုံးခဲ့ကြောင်း၊ ထိုအစီရင်ခံစာပါ လုပ်ငန်းတာဝန်တို့ကို အကောင်အထည်ဖေါ်နိုင်ရန် ပြည်ထောင်စုလွှတ်တော် က ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပထမဦးစွာ ကော်မတီတစ်ရပ် ထပ်မံ
ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ပြော ကြားခဲ့သည်။
အဆိုပါ လူတစ်သိန်းခြောက်ထောင်ကျော်တို့က မပြင်ရန် အကြံပြုသည်ဟူသော ပုဒ်မ ၄၃၆ အောက်တွင် အကျံုးဝင်လျက်ရှိသည့် ပုဒ်မများအတွက် မပြင်ရန်၊ ပြင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ အနှစ်ချုပ်ဇယားကို ပူးပေါင်းကော်မတီ အစီရင်ခံစာအရ ထိုသို့သိရသည်။
အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)နှင့် အခန်း ၁၂ ပုဒ်မ ၄၃၆တို့ကို မပြင်ဆင်ဘဲ ထားရှိရန် အကြံပြုသူပေါင်း ၁ဝ၆၁ဝ၂ဦးရှိကြောင်း၊ ပုဒ်မ ၅၉(စ)အား မူလပြဌာန်းချက်ကို ပယ်ဖျက်၍
ပြင်ဆင်ရန် ၅၉၂ဦးက အကြံပြုထားကြောင်းနှင့် ပုဒ်မ ၄၃၅၊ ၄၃၆အား ပြင်ဆင်ပေးရန် အကြံပြုသူ ၅၃၄ ဦးတို့ရှိကြောင်း ကော်မတီ၏ မှတ်ချက်တွင် ပါရှိသည်။ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် အကြံပြုသူကမူ ၅၆၂ဝ ဦးရှိကြောင်းလည်း အစီရင်ခံစာ၏ ဇယားတွင် ဖေါ်ပြထားသည်။