လွှတ်တော်တွင် လူမျိုးစုစကားလုံးမသုံးရန် လွှတ်တော်ဥက္ကဋ္ဌဆုံးဖြတ်

လွှတ်တော်တွင် လူမျိုးစုစကားလုံးမသုံးရန် လွှတ်တော်ဥက္ကဋ္ဌဆုံးဖြတ်
by -
မဇ္ဈိမ

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းနှင့် ပြည်ထောင်စုအစိုးရ၏ ဒုတိယဝန်ကြီး၏အဖြေတွင် “လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း”ဟု သုံးနှုန်းခဲ့ရာတွင် “လူမျိုးစု” ဟူသောစကားကို မသုံးနှုန်းရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၂၃ ရက်က ဆုံးဖြတ်လိုက်သည်။

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ခင်းများ၊ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ် တော်အမတ် ဦးလှဆွေက “မူးယစ်ဆေးဝါးများကို မည်သည့်လူမျိုးစု လက်နက်ကိုင်များ ကြီးစိုးရာ ဒေသမှာ အဓိကထုတ်လုပ်ဖြန့် ဖြူးနေသနည်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်နေသော လူမျိုးစုလက်နက်ကိုင်များ မထုတ်လုပ်ရန် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း”ဟု ပြည်ထဲရေးဝန်ကြီးဌာနသို့ မေးခွန်းထုတ်ပြီးနောက် ဦးခင်အောင်မြင့်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“လူမျိုးစုလက်နက်ကိုင်များဆိုတဲ့ စကားရပ်မှာ လူမျိုးစုဆိုတာ ထည့်ဖို့ မလိုအပ်ပါဘူး။ ဒါထည့်လိုက်ခြင်း အားဖြင့် အဓိပ္ပာယ်တွေဟာ ထွေပြားသွားနိုင်တယ်။ ဒါကြောင့် လက်နက်ကိုင်များဆိုရင် လုံလောက်တဲ့ အတွက် လူမျိုးစုဆိုတဲ့ စကားရပ်ကို ကောက်နုတ် ပယ်ဖျက်ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

ထိုသို့ဆုံးဖြတ်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက စာဖြင့် ကြိုတင်ရေးသားလာသော အဖြေအား လွှတ်တော်သို့ ဖတ်ပြရာတွင်လည်း “လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ” ဟုပင် ထပ်မံသုံးနှုန်းခဲ့၍ ဥက္ကဋ္ဌက ထပ်မံသတိပေးခဲ့ရသည်။

ထို့ကြောင့် ဦးခင်အောင်မြင့်က “မေးခွန်းမှာပါတဲ့ လူမျိုးစုဆိုတဲ့ စကားရပ်၊ အဖြေမှာပါတဲ့ လူမျိုးစုဆိုတဲ့ စကားရပ်တွေကို ကောက်နုတ်ပယ်ဖျက်ပြီးတော့ အမျိုးသား လွှတ်တော်နည်းဥပဒေ ၁၁၂ အရ မြန်မာနိုင်ငံပြန်တမ်းမှာ အများပြည်သူသိရှိအောင် မေးခွန်းနဲ့အဖြေကို ထည့်သွင်းဖို့ ဆုံးဖြတ်ပါတယ်” ဟု ထပ်မံ ဆုံးဖြတ်ခဲ့ပြန်သည်။

ဦးလှဆွေ၏မေးခွန်းကို ပြည်ထဲရေး ဒု-၀န်ကြီးက “လုံခြံုရေးကန့်သတ်ချက်ရှိတဲ့ နေရာများဖြစ်တဲ့အတွက် မည်သည့်လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ပါ၀င် ပတ်သက်နေကြောင်းနှင့် ထုတ်လုပ်နေသည့် နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်း မရှိသေး” ဟု ပြန်ဖြေခဲ့သည်။

ဘိန်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ဦးခင်အောင်မြင့်က “တစ်နှစ်ထက် တစ်နှစ်လည်း မပျောက်ဘဲနဲ့ ဒါတွေ ရှိနေတယ်။ ဘိန်းအစားထိုးလုပ်ငန်းတွေဟာ ဘိန်းလောက် မမြတ်တဲ့အခါကျတော့ များများနဲ့ မြန်မြန်မြတ် တဲ့ကိစ္စကိုပဲ တိုင်းရင်းသားတွေက ဒါတွေလုပ်နေရတဲ့သဘောပဲ။ ဒါမှ မလုပ်လို့ရှိရင် ဆင်းရဲတွင်းက နက်တဲ့ သဘောရှိပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ဘိန်းစိုက်မှုအခြေအနေမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး(UNODC) ၏ အစီရင်ခံစာအရ ၂၀၁၂-၁၃ခုနှစ် ဘိန်း စိုက်ရာသီအတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧကပေါင်း တစ်သိန်း လေးသောင်း ကျော်ရှိပြီး ဧကပေါင်း သုံးသောင်းကျော်သာ ဖျက်ဆီးနိုင်ခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်း တင်ပြချက်တွင် တွေ့ရသည်။