၂၀၁၄ ဇန်နဝါရီ ၂၀ မှ ၂၂ ရက်အထိ ကရင်အမျိုးသားအစည်းအရုံးKNU ဌာနချုပ် လော်ခီးလာ၌ သုံးရက်ကြာ ကျင်းပသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးသို့ UWSA “ဝ” ပြည် သွေးစည်းညီညွှတ်ရေးကော်မတီ နှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် မိုင်းလားတပ်ဖွဲ့တို့ တက်ရောက် ခြင်းမရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့် အစည်းအဝေး မတက်ရောက်ပါသနည်း၊ အကျိုးအကြောင်း အခက်အခဲ သိရအောင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ပြောခွင့်ရ ဦးအောင်မြင့်အား သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်း ထားသည်။
Q-မင်္ဂလာပါခင်ဗျား။ ဒီကနေ့ ကေအဲန်ယူဌာနချုပ်မှာ တတိုင်းပြည်လုံးအပစ်ရပ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေပါတယ်။ အဲဒါ UWSA ကိုလဲ ဖိတ်ထားတယ်လို့ ကြားတယ်။ ဆရာတို့ဘက်က ကိုယ်စားလှယ်လွှတ်ပါသလား။
A-တပြည်လုံးအပစ်ရပ်ရေး ဒုတိယ မူကြမ်းအတည်ပြုရေးအတွက် ဆွေးနွေးပွဲတက်ဖို့ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ကျနော်တို့ဆီကိုလာပြီးဖိတ်တယ်။ ကျနော်တို့ဆီကို သူလဲမရောက်ဖူးလို့လေ။ လာဖိတ်တာပေါ့။ ဒီကနေ ကိုယ်စားလှယ်လွှတ်တာမရှိပါဘူး။ အစည်းအဝေးထိုင်ပြီး ကိုယ်စားလှယ်မလွှတ် တော့ဘူးလို့ သူတို့ဆီကို ပြန်ကြားလိုက်ပါတယ်။
Q-အခုဆွေးနွေးပွဲကို ဆရာတို့ ဘာကြောင့်ကိုယ်စားလှယ်မလွှတ်တာလဲခင်ဗျ။
A-ဒီကိစ္စကဒီလိုရှိပါတယ်။ လိုင်ဇာအစည်းအဝေးလဲ ဒီတိုင်းဘဲ။ ကျနော်တို့ကိုအစည်းအဝေးဖိတ်တယ်။ ဒါပေမယ့် သူတို့က စာတမ်းကို ကျနော်တို့ကို မပြဘူး။ အစည်းအဝေးမှပြမယ် ၊အစည်းအဝေးမှဆွေး နွေးမယ်ဆိုတော့လေ။ ဒီလိုကိစ္စမျိုး ကျနော်တို့လည်း နားလည်ပါတယ်။ တိုင်းရင်းသားတွေ စုံစုံညီညီနဲ့ ဆွေးနွေးပွဲမှာ ဆန့်ကျင်မယ့်သဘောတွေ ဘာတွေ မဆွေးနွေးချင်ဘူး။ အခုဒီတခါ ကရင်ပြည်နယ်မှာလဲ ဒီလိုဘဲ ကျနော်တို့ကို ကြိုညှိတာမရှိဘူးဗျ။ ကျနော်တို့ရဲ့သဘောထားက အခုလိုမျိုးအရေးကြီးကိစ္စတွေကို ကြိုပြီးတော့၊ တိုင်းရင်းသား အဖွဲ့ အစည်းအပါအဝင် ကျနော်တို့ အပါအဝင် အောက်ခြေမှာ သဘောထားတွေ သဘောတူနိုင်တဲ့အထိ သေချာဆွေးနွေးသွားပြီးတော့မှ ကြိုညှိပြီးတော့ အစိုးရနဲ့ သွားညှိတာပိုကောင်း တယ်။ ဒါကျနော်တို့ အဖွဲ့ရဲယူဆချက်၊ ဗဟိုရဲ့ယူဆချက် ပေါ့နော်။ ဆိုတော့ ဒီတခါလည်း ကျနော်တို့ကို စာတမ်းမပြဘူး။ ပထမတခေါက်ကလည်း ပွဲပြီးမှ ကျနော်တို့ကို ပထမမူကြမ်းပြတာ။ ချင်းမိုင်မှာ လုပ်ခဲ့တဲ့ မူကြမ်းကလဲ ကျနော်တို့ကို မပြဘူး။ အတွင်းရေးမးကို လာဖိတ်တော့ သူပြန်ခါနီးမှ ကျနော်တို့တောင်းကြည့် မှ ထုတ်ပြတာ။ ထုတ်ပြတော့ ရက်က နီးနေပြီ လေ။ ကျနော်တို့ ၀ တိုင်းရင်းသားတွေက ၀ ခေါင်းဆောင်တွေ ထဲက ဗမာစာ ဗမာစကား တတ်တဲ့လူက တအားနည်းတယ်။ ဒါလည်းသမိုင်းရဲ့ အကြွေးဘဲပေါ့ဗျာ။ ဗမာလိုတတ်တာနည်းတော့ အချိန်ယူပြီး ဘာသာ ပြန်ရမယ်။ လူကြီးတွေကိုဆွေးနွေးရမယ်ဆိုတော့ အချိန်မရှိတာလေ။ ဒါကြောင့် ဒီတခါဆွေး နွေးပွဲကိုမတက်ဖြစ်တာပါ။ ဒါမယ့် ဒီဆွေးနွေးပွဲကို ကျနော်တို့အဖွဲ့အစည်းအနေနဲ့ထောက်ခံ အားပေးပါတယ်။ ကျနော်တို့ ခံယူထားတဲ့မူက တနိုင်ငံလုံး ငြိမ်းချမ်းရေးရှိမှ သူ့ဒေသအပါအဝင် နိုင်ငံတော်တခုလုံးဖွံ့ဖြိုးမှာလေ။ လူထုစားဝတ်နေရေး ပြေလည်လာမှာ။ ဒါကြောင့် ကျနော်တို့ ၁၉၈၉ ငြိမ်းချမ်း ရေး စယူပြီးကတည်းက ခုထိ ၂၅ နှစ်ကျော်ပြီလေ။ ဒါကြောင့် နိုင်ငံတော်နဲ့ငြိမ်းချမ်းရေးကိစ္စကို မဖြစ် ဖြစ်အောင်၊ မကောင်းကောင်းအောင် ဆက်သွယ်ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေး ၂၅ နှစ်မှာလဲ ပြည်သူ လူထုရဲ့စားဝတ်နေရေး အထူးသဖြင့် နိုင်ငံတကာ၊ အမေရိကန်က စွပ်စွဲနေတဲ့ ၀ ဒေသရဲ့ မူးယစ်ဆေး ဝါး ဘိန်းစိုက်ခင်းကိစ္စ၊ ၂၀၀၅ ခုနှစ်မှာ အပြီးရပ်တန့်နိုင်ခဲ့ပါတယ်။ ရော်ဘာ၊ လက်ဖက်နဲ့ အစားထိုး သီးနှံတွေနဲ့ အစားထိုးပစ်လိုက်တယ်။ အခု ၉ နှစ်လောက်ရှိပြီ ကျနော်တို့ဒေသမှာ ဘိန်းလုံးဝ ကင်းစင် တာ။ နိုင်ငံတကာကလဲ လူလွှတ်စုံစမ်းတာ ရှိပါတယ်။ အဖြေကတော့ ဘိန်းလုံးဝ စိုက်ပျိုးမှုမရှိတော့ တာ။ ဒါကြောင့် လူထုနေထိုင်စားသောက်မှု လမ်းပန်းဆက်သွယ်မှု ရေအားလျှပ်စစ် အကုန်လုပ်ပါ တယ်။ အခုအချိန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးကို အလိုအပ်ဆုံးဖြစ်ပါတယ်။ အခု ကရင်ပြည်နယ်မှာ လုပ်မယ့်ဟာရောဘဲ။ ကျနော်တို့ခုန ပြောတဲ့အခြေအနေကြောင့် မတက်ဖြစ်တာပါ။
Q-ဆရာပြောသလို ဆရာတို့ အပစ်ရပ်တာ ၂၅ နှစ်ရှိပါပြီ။ အခု အစိုးရက တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ထိုးမယ်ဆိုတာ ထပ်လုပ်နေပြန်ပါပြီ။ အဲတာ လုပ်ဖြစ်ရင်ဆရာတို့နောက်တခေါက် လက်မှတ်သွားထိုးဦးမှာလားခင်ဗျ။
A- ငြိမ်းချမ်းရေးလက်မှတ်က ကျနော်တို့ ၂ ခါတောင်မှထိုးထားတယ်။ ပထမတခါ ၈၉ တုန်းကတခါ။ နောက်တခါက ၂၀၁၁ နောက်ပိုင်းပေါ့။ ကျနော်တို့လက်မှတ်ထိုးတာ တိုင်းရင်းသားအဖွဲ့ထဲမှာ အစောဆုံး။ ငြိမ်းချမ်းရေးက ကျနော်တို့ယူထားပြီးပြီ။ ငြိမ်းချမ်းရေး မယူရသေးတဲ့အဖွဲ့ အစည်းတွေကိုဘဲ ငြိမ်းချမ်းရေး အရင်ယူဖို့ ပြီးမှ နိုင်ငံရေးဆွေးနွေးဖို့ တိုက်တွန်းတယ်။
Q-ဘာကြောင့်အကြိမ်ကြိမ် လက်မှတ်ထိုးခိုင်းတာလဲဗျ။
A-အစိုးရဘက်က သူတို့မူကြမ်းထဲမှာ ငြိမ်းချမ်းရေးစာချုပ်ကိုထပ်မံအတည်ပြုခြင်းပေါ့။ အစိုးရ စာစောင်ထဲမှာ တရားဝင်ငြိမ်းချမ်းရေးစာစောင်မူကြမ်းမှာရေးထားတာက လက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေအရ အတည်ပြုရမယ်ဆိုတာ ပါတယ်လေ။ ဆိုလိုတာက အရင်ခေတ်တုန်းကဆိုရင် အခြေခံဥပဒေမှာ မညီဘူးဆိုတာ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ အခြေခံဥပဒေအရ ဆောင်ရွက်တာလို့ ကျနော်တို့ယူဆပါတယ်။
Q-ဆရာတို့အနေနဲ့ရော ၂၀၀၈ ဖွဲ့စည်းပုံက အသစ်ပြန်ရေးဖို့ ပြင်ဖို့ လိုတယ်လို့မြင်ပါသလား။
A-ကျနော်တို့ အနေနဲ့ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီးအသစ်ပြန်ရေးတာ မထောက်ခံပါဘူး။ ကျနော်တို့ ပါတီသဘောထားက ၂၀၀၈ ဥပဒေကိုအခြေပြုပြီးတော့ လိုအပ်တဲ့အခြေအနေနဲ့ကိုက်ညီမှု သိပ်မရှိ တဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လိုအပ်တဲ့အချက်တွေကိုပြင်ဖို့ဘဲ သဘောထားရှိပါတယ်။ ပြင်တဲ့အချိန်မှာ တခါတည်းပြင်မယ်ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ အရေးကြီးတဲ့အချက်တွေဘဲအရင်ပြင်ပြီးတော့မှ ကျန်တာ တဖြည်းဖြည်းပြင်သွားမှာပါ့။ ကျနော်တို့ဘက်ကလည်း ပြင်သင့်တာ ဆွေးနွေးထားပါတယ်။
Q-ဟုတ်ကဲ့ ။ နောက်ဆုံးအနေနဲ့ ဆရာဘာများ ထပ်ပြောကြားချင်ပါသလဲခင်ဗျ။ A-ကျနော်တို့ ပြည်တွင်းငြိမ်း ချမ်းရေး တိုင်းရင်းသားငြိမ်းချမ်းရေးကို ကျနော်တို့ဆောင်ရွက်ပါတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ပါတယ်။