ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်း

ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်း
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နယ်မြေ၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦးဆောင်မည့် ၁၆ ဦးပါ၀င်သော ကော်မတီ အဖွဲ့တစ်ဖွဲ့ကို ယမန်နေ့တွင် ဖွဲ့စည်းခဲ့သည်။

kicphoto20

အဆိုပါ ကျင်းပရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် နော်စီဖိုးရာစိန်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွဲဘက်အတွင်းရေးမှူးအဖြစ် ဒေါ်စောမြရာဇာလင်းတို့ဖြစ်ကြပြီး ကျန်ကော်မတီဝင်များမှာ ရောက်ရှိလာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသီးသီးပါ၀င်ကြမည် ဖြစ်သည်။

ဇန်နဝါရီလ ၂၀ရက်မှ ၂၂ရက်နေ့အထိ ကျင်းပသွားမည့် တိုင်းရင်းသားညီလာခံမစတင်မီတစ်ရက်အလို၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့ ရောက်ရှိနေကြပြီးဖြစ်ကာ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်၏ သတ်မှတ်ချက်အရ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် သုံးဦးနှင့် လေ့လာသူသုံးဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ရောက်ရှိလာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ SSPP, PSLF, PNO, WNO, KNPP, RCSS/SSA, KIO, NMSP, ANC, MNDAA, CNF, DKBA, ALP, RPC နှင့် LDU အဖွဲ့များ ဖြစ်ကြသည်။