လာမည့် ဖေဖေါ်ဝါရီလအတွင်း RCSS/SSA ဥက္ကဌရာထူး အပါအဝင် ဗဟိုကော်မတီအားလုံး ပြန်လည် ရွေးကောက်တင် မြှောက်လျှင် ၎င်း၏နာမည် ထည့်သွင်းအဆိုတင်သွင်းခြင်းမပြုရန် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား လိုက်သည်။
၂၀၁၄ ဇန်နဝါရီ ၉ ရက် မှ ၁၃ ရက်နေ့အထိ ၂၀၁၃ ခု - နှစ်ပတ်လည် အစည်းအဝေးကျင်းပရာတွင် ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရေးအတွက် ကော်မရှင်ဖွဲ့စည်းကြောင်း၊ ၄ နှစ် တစ်ကြိမ် ခေါင်းဆောင်ဖြစ်သူ နှင့် ဗဟိုကော်မတီဝင် ရွေးကောက်တင်မြောက်ရေးအတွက်လည်း ရှေ့လအတွင်း ကျင်းပရန် စီစဉ်လိုက်ကြောင်း၊ အဆိုပါရွေးကောက်ပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏နာမည် ထည့်သွင်း အဆိုတင် ခြင်းမပြုရန် ပြောကြားခြင်းဖြစ်သည်။
“အနာဂတ်ခေါင်းဆောင်သစ်တွေအတွက် ကျနော်က အမြင့်ဆုံးခေါင်းဆောင်ရာထူးကို ရက်ရက်ရောရော လက်ဆင့်ကမ်းပေး လိုတယ်။ အမျိုးသားရေးအတွက် ကျနော် အလုပ်အားလုံးနားမယ်လို့မဆိုလိုဘူး။ ခေါင်းဆောင်သစ် အလုပ်လုပ်နိုင်တဲ့အထိ ပံ့ပိုးကူညီသွားမယ်” - ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တဦးက - “ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဘာဆက်လုပ်မှာလဲ၊ ဗမာစစ်ခေါင်းဆောင် ဦးသန်းရွှေလို အနောက်ကနေပဲ ကြိုးကိုင် မှာလား” - ဟု သုံးသပ်ပါသည်။
သျှမ်းပြည်နယ်လွှတ်တော်အမတ်များ အသိုင်းအဝိုင်းကလည်း - “ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စစ်တပ်ပိုင်း တိုက်ခိုက်ရေးပိုင်းတော့ ပြောစရာမလိုဘူး၊ နိုင်ငံရေးပိုင်းတော့ နေပြည်တော်အစိုးရနဲ့ ယှဉ်ရင် စိတ်ပူရတယ်။ သူတို့က စီးပွားရေးနဲ့ အရမ်းမျှားခေါ်နေတယ်လေ” - ဟု ပြောသည်။
သို့သော်ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က - မိမိကိုယ်တိုင်မည်သောအခါမျှ စီးပွားရေးလုပ်ကိုင်မည် မဟုတ်ကြောင်း၊ ကေဒါတပ်မှူးများကိုလည်း ထို့နည်းတူ ညွှန်ကြားလိုက်ကြောင်း ပြောသည်။
ထို့အတူ ၁၃ ကြိမ်မြောက် RCSS ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က - ၁။ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း မည်သူမဆို မပျက်မကွက် ထမ်းရွက်ရန်၊ တပ်ပိုင်းဆိုင်ရာလည်း နိုင်ငံရေးဆွေးနွေးပွဲ ပြီးမြောက်ချိန်အထိ လျှက်ရှိအနေအထားအတိုင်းနေထိုင်သွားရန် ၂။ အဓမ္မတပ်သားသစ်စုဆောင်းခြင်းမပြုရန်၊ သို့သော် စိတ်ဆန္ဒအလျှောက် စစ်မှုထမ်းလိုသူများအတွက် တံခါးဖွင့်ထားရန် ၃။ ကုမ္ပဏီနှင့် စီးပွါးရေးလုပ်ငန်းရှင်ကြီးများမှလွဲ၍ သျှမ်းလူထုထံ မည်သည့် အခွန်မျှကောက်ယူခြင်းမပြုရန် အစည်းအဝေး တက်ရောက်သည့် အရာရှိအချို့အား ညွှန်ကြား ထားသည်ဟုပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်သည် MTA ခေါ် မုန်းတိုင်းတပ်မတော် ပြိုကွဲပြီးနောက်ပိုင်း သျှမ်းပြည် တပ်မတော် SSA အမည်ဖြင့် ပြန်လည်ဖွဲ့စည်းကာ ခေါင်းဆောင်ရာထူး ထမ်းရွက်လာသည်မှာ ၁၈ နှစ်တိုင်တိုင်ရှိပြီး လက်ရှိတွင် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။