သိမ်းဆည်းမြေ ပြန်မပေးပါက သပိတ်စခန်းဖွင့်မည်ဟု သဲကုန်းလယ်သမားများဆို

သိမ်းဆည်းမြေ ပြန်မပေးပါက သပိတ်စခန်းဖွင့်မည်ဟု သဲကုန်းလယ်သမားများဆို
by -
မဇ္ဈိမ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် သမဝါယမလီမိတက်က သိမ်းဆည်းထားသော လယ်မြေများကို တစ်လ အတွင်း ပြန်လည်မပေးလျော်ပါက သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်မည်ဟု သဲကုန်းတောင်သူ လယ်သမား များက ဇန်နဝါရီ ၁၁ ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက်က ပြုလုပ်သော တောင်သူလယ်သမား တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခု(၁၁)ရက်ကစပြီး တစ်လပြည့်တဲ့နေ့အထိ အချိန်ပေးထားတယ်။ ကျေနပ်လောက်တဲ့အထိ ဆောင်ရွက်မပေးနိုင်ရင် အထိုင်သပိတ်လုပ်မယ်။ ကျေနပ်လောက်သည်အထိ ဖြေရှင်းဆောင်ရွက်မှု မရမချင်း သပိတ်စခန်းဖွင့်ဆောင်ရွက်မယ်” ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုသန့်ဇင်ထက်က ပြောသည်။

ထိုကြေငြာချက်ကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သဲကုန်းမြို့နယ် လွှတ်တော်အမတ်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် မြို့နယ် မြေစာရင်း ဦးစီးဌာနများကို ပေးပို့သွားမည်ဖြစ်သည်။

သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် ငါးကန်များ တူးဖော်ထားသော တရုတ်သူဌေး ဦးထိုင်ထိုင်က "အဲလယ်မြေနဲ့ ပတ်သက် ပြီး ဥပဒေအတိုင်းသွားမယ်။ သူတို့ဘက်ကလည်း ညှိစရာရှိတာညှိ တင်စရာရှိတာတင် ကျွန်တော်တို့ဘက်ကတော့ ဥပဒေ အတိုင်းသွားမယ်။ သက်သေအထောက်အထားလိုရင် ကူညီပေးမယ်" ဟု  မဇ္ဈိမကိုပြောသည်။

သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာရှိ အမှတ် ၃ လယ်ယာလက်ကား သမဝါယမလီမိတက်က ၂ဝဝ၁ ခုနှစ်တွင် လယ်သမား ၁၅ဝ ကျော်ပိုင်သည့် လယ်ယာမြေဧက ၁၁၅၉ ဒသမ၅၅ကို သိမ်းဆည်းခဲ့ပြီး လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်းမရှိကြောင်း ထိုစဉ်က အောင်ကုန်းကျေးရွာဥက္ကဋ္ဌ ဦးတင်နွယ်က ပြောသည်။

“ဘာလျော်ကြေးမှမပေးဘူး။ ညှိနှိုင်းခွင့်တောင်မရဘူး။ သမဝါယမလီမိတက် လုပ်မယ်ဆိုပြီး ဗိုလ်ချုပ်တွေ ဆင်းလာတယ်။ ဧက တစ်ရာ့လေးငါးဆယ်လောက်ကနေ တဖြေးဖြေးသိမ်းသွားတာ။ မီးတောင်ချောင်း တောင်ဘက်နဲ့ မြောက်ဘက် အကုန်သိမ်း တယ်။ ပျိုးခင်းမဖြစ် လယ်လုပ်မဖြစ်နဲ့ အကုန်လုံးလယ်မဲ့တွေ ဖြစ်ကုန်တယ်”ဟု ဦးတင်နွယ်ကပြောသည်။

ထို သိမ်းဆည်းထားသော လယ်မြေများအနက် ၅၆ဒသမ ရ၇ဧကကို စပါးတင်းနှစ်ဆယ်နှုန်းဖြင့် သီးစားချ ထားပြီး ၁ဝ ဧကခန့်ရှိ လယ်ကွက်ကို သိန်း ၅ဝ ဖြင့် ရောင်စားခြင်း၊ ငါးကန်များတူးဖော် လုပ်ကိုင်ခြင်းများ ရှိကြောင်း လယ်သမားကိုဖြူကြီးက ပြောသည်။

ထိုမြေလယ်များကို ပြန်လည်ရရှိရန် ၂ဝ၁၂ ခုနှစ်က သမ္မတ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော်နှင့် မြေစာရင်းဦးစီးဌာနတို့ကို အသနားခံစာများ တင်ပြခဲ့ပြီး ထူးခြားမှုမရှိသောကြောင့် ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ၂၃ ရက်ကြာ ထွန်တုံးတိုက်ပွဲများ ဆင်နွဲခဲ့သည်ဟု လယ်သမား ဒေါ်ညိုက ပြောသည်။