မြစ်ဆုံစီမံကိန်းပြန်စခြင်းက ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို

မြစ်ဆုံစီမံကိန်းပြန်စခြင်းက ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို
by -
မဇ္ဈိမ

ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်းသည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခပိုမိုကြီးထွားစေကြောင်း ဇန်နဝါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တု့ံပြန်လိုက်သည်။

China Power Investment (CPI) မှ ပါ၀င်ပတ်သက်နေသော ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC)က စာမျက်နှာ ၆၀ ပါ ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာကို ရန်ကုန်မြို့ တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ခြင်းအပေါ် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သူတို့ပြောထားတာက ကချင်ပြည်နယ်ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်မယ်လို့ ပြောတယ်။ ဒါဟာ ဟန်ပြချပြတဲ့ ပုံစံဖြစ်နေတယ်။ လုံးဝ ကန့်ကွက်တယ်။ မြစ်ဆုံရေကာတာအထက်မှာ ရှိတဲ့ ဆည်ခုနစ်ခုက ဒီသယံဇာတထဲမှာ အကျုံးဝင်တယ်။ တရုတ်ကုမ္ပဏီက ဆက်လက်တည်ဆောက် မယ်ဆိုရင် အခုဖြစ်နေတဲ့ ပြဿနာထက် ပိုမိုကြီးထွားလာမယ်။ မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းဖို့အတွက် အများကြီး ထိခိုက်နိုင်တယ်”ဟု KDNG မှ ဒု-ဥက္ကဋ္ဌ ကိုစာဂျီက ပြောသည်။

ဒီဇင်ဘာ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် လျှပ် စစ်လိုအပ်ချက် ကြီးကြီးမားမားမရှိသည့်အတွက် အခြားနိုင်ငံများသို့ မြောက်မြားစွာ တင်ပို့ရောင်းနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းဆောက်လုပ်ရေးဒေသအတွင်း နေရာပြောင်းရွှေ့ခံရသည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများသည် ၎င်းတို့၏ မူရင်းအဆင့်အတန်းထက် မနိမ့်ကျသော အခြေ အနေတစ်ခုသို့ ရရှိခံစားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်နယ် ခေတ်မီ တိုးတက်စေမည်။ ဒေသစီးပွားရေးအား အသွင်ပြောင်းစေမည်၊ ဒေသခံ ကချင်ယဉ်ကျေးမှုအား တိုးတက် ဖွံ့ဖြိုးစေမည်ဟု ဖော်ပြထားပြီး ဆည်ကြီးခုနစ်ခု ဆောက်လုပ်နေသော ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် အခိုင်အမာ ပြောဆိုထားသည်။

အစီရင်ခံစာနှင့်ပတ်သက်ပြီး ကိုစာဂျီက “တရုတ်ကုမ္ပဏီတွေကနေပြီး မြန်မာနိုင်ငံက ပြည်သူတွေ ဘယ် လိုနေရမယ်ဆိုတာကို ဆုံးဖြတ်ပေးစရာမလိုဘူး။ ကျွန်တော်တို့ရဲ့ ဒေသခံတွေအတွက် အကျိုးရှိစေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ပုံစံကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုတယ်”ဟု ဆိုသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက် ပြယ်ခဲ့ခြင်းသည် ကချင်ပြည်နယ်ရှိ သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် အဓိကမူတည်နေပြီး သော့ချက် တစ်ခုဖြစ်သည်ဟုလည်း ၎င်းက မဇိ်္စျမကို ပြောသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ ခုနှစ်မှစတင် ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီများက တာဝန်ယူ တည် ဆောက်ခဲ့ရာတွင် မြန်မာတစ်ပြည်လုံး ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းထားသည်။