ထိုင်းရောက် မြန်မာလုပ်သား ၈၀ ရာခိုင်နှုန်း နေရပ်ပြန်လို

ထိုင်းရောက် မြန်မာလုပ်သား ၈၀ ရာခိုင်နှုန်း နေရပ်ပြန်လို
by -
မဇ္ဈိမ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုမှာ နေရပ်သို့ ပြန်လိုကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အလုပ်သမားငါးသန်းကျော် လိုအပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း စစ်တမ်းတစ်ခုအရ သိရှိရ သည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့(IOM)က ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းလုပ်သား အများဆုံးရှိသော ခရိုင်ခုနှစ်ခုတွင် နေထိုင်ကြသည့် မြန်မာအလုပ်သမား ၅၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာ ၈၀ ရာခိုင် နှုန်းက နေရပ်ပြန်လိုကြောင်း၊ ၄၁ ရာခိုင်နှုန်းက နောင်လာမည့်ငါးနှစ်အတွင်း ပြန်ကြမည်ဖြစ်ကြောင်း ဖြေ ကြားခဲ့ကြသည်။

IOM-Thailand နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အာရှသုတေသနဌာန (ARCM)တို့ ပူးတွဲ၍ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့တွင် “ချူလာကောင်ကွန်” တက္ကသိုလ်သို့ တင်သွင်းခဲ့သော အစီရင် ခံစာတွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

“မြန်မာရွှေ့ပြောင်းအလုပ်သမား တော်တော်များများဟာ လာမယ့်နှစ်အနည်းငယ်တွင်းမှာ မြန်မာနိုင်ငံကို ပြန်ဖို့ စဉ်းစားနေကြတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားပြတ်လပ်မှုနဲ့ ကောင်းကောင်း ကြံုတွေ့ရမှာပါ။ ဒါဟာ လုပ်ငန်းခွင်အခြေအနေနဲ့ လုပ်ခလ စာတွေ တိုးမြှင့်ပေးပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ကြိုးစားရမယ်လို့ ဖော်ပြနေခြင်းပါ။ ထိုင်းနိုင်ငံအနေနဲ့ အ လုပ်လုပ်ခွင့် ဗီဇာတွေလျှောက်ထားတာကိုလည်း ဆက်လက်ကူညီသင့်ပါတယ်”ဟု ထိုင်းနိုင်ငံ IOM အ ကြီးအကဲ Jeffery Labovitzu က သုံးသပ်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင် စာရွက်စာတမ်းဖြင့် နေထိုင်ပြီး ၀င်ငွေလည်း သင့်တင့်ကောင်းမွန်သူများသည် ထိုင်းနိုင်ငံတွင် လုပ်ကိုင်ရသည်ကို ကျေနပ်မှုရှိကြပြီး မြန်မာနိုင်ငံတွင် အလားအလာတွေ ကောင်းမွန်နေ သော်လည်း ထိုင်းနိုင်ငံတွင် နေထိုင်ရန် ဆန္ဒရှိကြောင်း တွေ့ရှိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းလုပ်သား ၃ ဒသမ ၅ သန်းခန့်ရှိပြီး ယင်း၏သုံးပုံနှစ်ပုံခန့်မှာ မြန်မာလုပ် သားများဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများအပေါ် အလွန်အမင်း မှီခိုသည့် ထိုင်းနိုင်ငံအနေဖြင့် လာမည့် ၁၂နှစ်အတွင်း ရွှေ့ပြောင်းလုပ်သား ငါးသန်းခန့် လိုအပ်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု အစီရင်ခံစာက ခန့်မှန်းသည်။

ထိုင်းနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းလို ၀င်ငွေနည်းပါးသော ကဏ္ဍများနှင့် နယ်စပ်ဒေသ များတွင် အိမ်ပြန်အလုပ်သမားများကြောင့် အများဆုံး အခက်တွေ့ဖွယ်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

Most read this week