သျှမ်းပြည်မြောက်ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။
၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက်ကိုင် အဖွဲ့က မန့်တုံမြို့နယ်၊ မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ အား တိုက်ခိုက်ခြင်းဖြစ်သည်။
“မနက်မှာ အပစ်ခံရတာ၊ လာပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့လဲခုထိ မသိသေး ဘူး၊ တစ်နာရီကျော်ကျော် တော့ အပြန်အလှန်ပစ်ခတ်ကြတာပဲ၊ ရဲဘက်ကတော့ လေးယောက်ဒဏ် ရာရရပြီးနှစ်ယောက်မှာ ဒဏ်ရာ ပြင်းထန်တယ်၊ တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်” ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။
ထိုအပစ်ခံရသော ရဲတပ်ဖွဲ့ဘက်မှ M 21,22 မောင်းပြန်သေနတ် ၄ လက် နှင့် ရိုင်ဖယ်သေနတ် ၂ လက် ဆုံးရုှံးသည်ဟု ရဲတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံ နောက်တဦးကလည်း ပြောသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်သည် TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ KIA ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ နှင့် SSPP/SSA သျှမ်းပြည်တိုးတပ်မတော်တို့ ပူးပေါင်းလှုပ်ရှားသည်။ သီးခြားအတည်ပြုချက်မရသည့် သတင်းအရ ၄င်းတို့ပူးပေါင်းသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ကြသည်ဟုလည်း ဆိုသည်။
TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် နှင့် KIA ကချင်လွတ်လပ်ရေး တပ်မတော်တို့ သည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အစိုးရနှင့် ဆွေးနွေးထားဆဲ တပ်ဖွဲ့များဖြစ်၏။
မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သျှမ်းပြည်တိုးတပ်မတော် မှာမူ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တပ်ဖွဲ့ ဖြစ်သည်။