ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာနယ်မြေအတွင်း ကျင်းပမည့် တိုင်းရင်းသားညီလာ ခံကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ရက်နေ့အထိ၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်ရာ နယ်မြေ လေးဝါးစခန်း တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း လုံလောက်သော ပြင်ဆင်မှုများအတွက် ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ပဒိုစောသောသီဘွဲက ပြောသည်။
“အရင်တုန်းကတော့ ညီလာခံလုပ်ဖို့ရက်ကို သတ်မှတ်ထားတာတော့ရှိတယ်။ ဒါပေမယ့် အချိန်က အရမ်း တိုတောင်းတဲ့အခါကျ တော့ ဆက်သွယ်ဆောင်ရွက်ဖို့၊ စီစဉ်ဖို့ အချိန်တွေပိုရအောင် ရက်ကိုရွှေ့ ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်”ဟု ပဒိုသောသီဘွဲက ကေ အိုင်စီသို့ ပြောသည်။
အဆိုပါတိုင်းရင်းသားညီလာခံံကို လာမည့် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ထပ်မံ ခေါ်ယူပြီး ရက်အတိအကျ သတ်မှတ်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကျင်းပရေးကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူပြီးရက် ကိုရွှေ့ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ အထွေထွေ အတွင်းရေး မှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဖြစ်မြောက်ရေး ကော်မတီအနေနဲ့ကလည်း အချိန်သိပ်မရှိဘူးဖြစ်တယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကလည်း ဒီလိုရွှေ့ ဆိုင်းလိုက်တာ နိုင်ငံရေးအရ ဘာမှထိခိုက်တာမရှိဘူးလို့ ပြောတယ်။ နောက်ပြီး ဒီလိုရွှေ့ဆိုင်းလိုက်တဲ့အတွက်လည်း လာမယ့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်ချိန် ပိုရသွားတဲ့သဘော ရှိပါတယ်။”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ကေအဲန်ယူနယ်မြေတွင် ညီလာခံကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားညီလာခံဖြစ်မြောက်ရေး ကော်မတီကို လေးဝါး၌ ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ပဒိုသောသီဘွဲ၊ ဒုဥက္ကဌ ပဒိုမန်းမန်းမန်း၊ အတွင်းရေးမှူး ပဒိုစောလှထွန်း၊ ပဒိုအောင်မော် အေး၊ ဗိုလ်မှူးချုပ်မန်းရှာထုဝေါ်၊ ဗိုလ်မှူးစောတာမလာသော၊ ပဒိုမန်းဘထွန်း၊ ပဒိုကော်ကဆာ စောနေစိုး၊ ပဒိုနော်မြိုင်ဖိုး စသည့် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။