တအောင်းဒေသတိုက်ပွဲများကြောင့် ဒုက္ခသည်စခန်း ၉ ခုအထိရှိလာ

တအောင်းဒေသတိုက်ပွဲများကြောင့် ဒုက္ခသည်စခန်း ၉ ခုအထိရှိလာ
by -
မဇ္ဈိမ

တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒေသခံ ၅၀၀၀ကျော် ရှိနေပြီး ဒုက္ခသည် စခန်းအရေအတွက် မှာလည်း ကိုးခု အထိရှိလာပြီဟု တအောင်း အမျိုးသမီးများအဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ဒီဇင်ဘာ ၈ ရက်တွင် မဇ္စျိမကို ပြောသည်။

“အရင်က ဒီလို ကယ်ဆယ်ရေးစခန်းတွေဆိုတာ မရှိပါဘူး၊ အခု ဒီနှစ်ထဲမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒီလိုတွေရှိလာတာ ၊ တိုက်ပွဲဖြစ်တဲ့ နေရာတွေက လူတွေ မရှိဘူး၊ မရှိဘူးသာ ပြောနေတာ တကယ် တော့ တိုက်ပွဲနေရာတွေက လူတွေနေတဲ့ နေရာတွေ အများကြီး ရှိတယ်”ဟု ၄င်းက ဆိုသည်။

တပ်မတော်နှင့် TNLA တို့ ယခုနှစ် ဇူလိုင်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA တာဝန်ရှိသူတစ်ချို့ကပြောသည်။ ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်လိုက်ရခြင်းဖြစ်ပြီး ဒေသခံများက ကြောက်ရွံ့ကာ ဒုက္ခသည်စခန်းများသို့ လာရောက်ခိုလှုံသူ များပြားလာကြောင်း မဒီဒီပိုးကျိန်က ရှင်းပြသည်။

လက်ရှိအချိန်၌ မန်တုံမြို့နယ်တွင် ဒုက္ခသည်စခန်း လေးခု ၊ ကွတ်ခိုင်မြို့နယ်တွင် ဒုက္ခသည်စခန်း  နှစ်ခု၊ နမ့်ခမ်း မြို့နယ်တွင် ဒုက္ခသည်စခန်း နှစ်ခု ၊ တန့်ယန်းမြို့နယ်တွင် ဒုက္ခသည်စခန်း တစ်ခုတို့ ဖွင့်လှစ်ထားပြီး နေထိုင်သူ စုစုပေါင်း ၅၀၀၀ ကျော်ခန့် ရှိနေခြင်းဖြစ်သည်။

“အစားအသောက်နဲ့ ကျန်းမာရေးပိုင်းကိုတော့ လာပြီး လုပ်ကိုင်ပေးတဲ့ အဖွဲ့တွေလည်း နည်းတယ်၊ ဘာမှ မရှိဘူး၊ ကျွန်မတို့ အဖွဲ့တွေလည်း လက်လှမ်းမှီသလောက်တော့ လုပ်ပေးနေတယ်၊ ဒါပေမယ့် ကူညီတာ တွေက အရမ်း အားနည်းနေတယ်၊ ဆောင်းတွင်းမှာလည်း အရမ်းအေးတော့ သူတို့တွေ အတွက် ဘယ်လို လုပ်ရမယ်မှန်းတောင် မသိတော့ဘူး”ဟု မဒီဒီပိုးကျိန်ပြောသည်။

၁၉၉၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် TNLA နှင့် အစိုးရတို့သည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေး ထိုးရသေးပေ။ သို့သော် လက်ရှိအစိုးရ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်ကမ်း လှမ်းခံထားရသည့် အဖွဲ့များ စာရင်းတွင်ပါ၀င်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည့် TNLA သည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လင်း၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်တူ၊ မန်တုံ၊ မန်စံ၊ မန့်ပန်တို့တွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Most read this week