လှိုင်သာယာမြို့နယ်တွင် ကောက်ယူထားပြီးစာရင်းရှိ ကျူးကျော်တဲအလုံးပေါင်း သုံးသောင်းကျော်ကို ဥပဒေ အရ အရေးယူ ဆောင်ရွက်တော့မည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိပ်စိုးက ဒီဇင်ဘာ ၅ ရက် တွင် မဇ္ဈိမကို ပြောသည်။
“တစ်ဆင့်ပြီးတစ်ဆင့် တရားစွဲသွားမယ်၊ လှိုင်သာယာမှာတော့ အသစ်ကို လုံးဝ အကျူးမခံတော့ဘူး။ မနေ့ ကကျူးတဲ့သူလဲ တိုင်ဆွဲနုတ်လိုက်ပြီ။ ညောင်ပင်ရွာ မြေနုကျွန်းက တဲခုနစ်လုံးကို သောကြာနေ့ စစ်ဆေး မယ်”ဟု ဦးထိပ်စိုးက ပြောသည်။
ညောင်ပင်ရွာစက်မှုဇုန်တွင် ကျူးကျော်နေထိုင်နေသည့်တဲ ၉၇ လုံးရှိပြီး ခုနစ်ဦးကို ပထမဆုံးအနေဖြင့် စတင် စစ်ဆေးသွားမည်ဖြစ်သည်။
ရန်ကုန်-ပုသိမ် အမြန်လမ်းမပေါ်ရှိ ကျူးကျော်နေထိုင်သည့် တဲပေါင်း ၂၅၂ လုံးတွင် နေထိုင်သူ အိမ်ထောင် ဦးစီးများကိုလည်း မြို့နယ်စည်ပင်သာယာရေးရုံးက တရားစွဲဆိုသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော သည်။
လယ်ယာမြေပေါ်တွင် လယ်ယာမြေလုပ်ကိုင်ခြင်းမရှိဘဲ အခြားကိစ္စရပ်များ အသုံးပြုပါက လယ်ယာမြေဥပ ဒေဖြင့် အရေးယူခံရမည်ဖြစ်ပြီး စည်ပင်သာယာပိုင်မြေပေါ်တွင် ကျူးကျော်ပါက စည်ပင်ဥပဒေဖြင့် အရေးယူ ခြင်းခံရမည်ဟု ၎င်းက ပြောသည်။
တရားစွဲဆိုခြင်းမပြုမီ မိသားစုပေါင်း သုံးသောင်းကျော်အတွက် သတိပေးစာ သုံးကြိမ်တိတိ ပေးပို့မည်ဟု ဆို သည်။ လှိုင်သာယာမြို့နယ်တွင် တချို့သော ကျူးကျော်နေထိုင်သူများသည် အမှန်တကယ် နေထိုင်စရာမရှိ ဘဲ စီပွားရေးအခက်အခဲကြောင့် နေထိုင်သူများရှိပြီး တချို့ကျူးကျော်များသည် မြေနေရာ အဆောက်အအုံ ဆောက်လုပ်ကာ တစ်ဆင့်ပြန်ရောင်းစားကြသည်ဟုလည်း ၎င်းက ပြောသည်။
ကျူးကျော်တဲများ၏ စျေးကွက် ပေါက်စျေးမှာ အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ ကျပ်လေးသိန်းခွဲအထိ ရှိနေ သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက အတည်ပြု ပြောသည်။
မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထိပ်စိုးက “ကျူးကျော်တဲတွေကို မဝယ်ဖို့လိုတယ်။ စီးပွားရေးသမားတွေဆီက တ ချို့ မသိနားမလည်တဲ့ မိသားစုတွေက ရသမျှ စုဆောင်းထားပြီး ကျူးကျော်တဲတွေကို ၀ယ်နေကြတယ်။ တ ရားစွဲတဲ့အခါကျတော့ လက်ရှိနေထိုင်နေတဲ့သူတွေက တရားစွဲခံနေရတယ်။ အဝယ်မမှားဖို့လိုတယ်”ဟု ပြော သည်။
မြန်မာနိုင်ငံ လူမှုရေးပညာရှင်အသင်း ဒု-ဥက္ကဋ္ဌဦးခင်မောင်ညွန့်ကမူ ကျူးကျော်ကိစ္စများကို တရားစွဲဆိုခြင်း ဖြင့် ပြေလည်မည်မဟုတ်ဘဲ ကော်မတီဖွဲ့ကာ စိစစ်သင့်သည်ဟု ဆိုသည်။
“တရားစွဲတာတစ်ခုတည်း လုပ်လို့မရဘူး။ ကော်မတီဖွဲ့ပြီး သေချာစစ်ဆေးပေးရမယ်။ အမှန်တကယ် အခက် အခဲရှိလို့ ရေရှည်နေထိုင်တဲ့သူလား၊ ခါတော်မီ စီးပွားရေးသမားလား၊ လက်ညှိုးထိုးပြီး ရောင်းစားမယ့်သူလား စစ်ဆေးဆောင်ရွက်ပေးရမယ်”ဟု ပြောသည်။
လှိုင်သာယာမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးဒေသမှ ရွှေ့ပြောင်းလုပ်သားများအတွက် ထွက်ပေါက်တံ ခါးဖြစ်ပြီး စက်မှုမြို့တော်လည်းဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပွားပြီး နောက်ပိုင်း ကျူးကျော်နေ ထိုင်သူများ သိသိသာသာ တိုးတက်လာသည်။