မျိုးဆက်သစ် (သျှမ်းပြည်) နှင့် ပေါင်းကူးအဖွဲ့မှ ဦးဆောင်ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို တောင်ကြီးမြို့၊ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံတွင် ဒီဇင်ဘာ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံရေးပါတီများ ၊တိုင်းရင်းသား အဖွဲ့အစည်း အသီး သီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
“ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တဲ့ အဓိက အကြောင်းအရာတွေကတော့ မူးယစ်ဆေးပြဿနာ၊ မြေယာအသိမ်း ခံရတဲ့ကိစ္စ၊ ပြည်သူတွေ သဘောမတူတဲ့ စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ တိုင်းရင်းသား ကျေးရွာတွေမှာရှိတဲ့ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အဓမ္မ ပြုကျင့်ခံရမှုတွေ နှိပ်စက် ညှင်းပမ်း မှုတွေကို လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေက လုံးဝကာကွယ်မှု မပေးနိုင်ဘူး။ အရေးယူမှု မရှိဘူး။ မငြိမ်း ချမ်းသေးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ် ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်သည့် နန်းဖွေးငင်းမှ ပြောသည်။
ထို့အပြင် သျှမ်းပြည်တွင်းနေ လူမှုအဖွဲ့များအပြင် ပြည်နယ်နှင့် တိုင်းအသီးသီးမှ လူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်၏ ကိုယ် စားလှယ် ၁၅၀ ကျော် ၀င်ရောက်ဆွေးနွေးခဲ့သည်။
“ဒီပွဲကိုပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ယှဉ်တွဲနေ တယ်။ အဲဒီအတွက်ကြောင့် တစ်ချိန်တည်း လုပ်ဆောင်ရမယ်ပေါ့ ။ တစ်ချိန်တည်း လုပ်ဆောင်ရမယ် ဆိုတဲ့နေရာမှာ ဒေသအသီးသီမှာ ရှိနေတဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဆွေးနွေး တိုင်ပင်ရင် ရလာဒ်ကောင်းတွေ ရရှိလာဖို့ ရည်ရွယ်ပါတယ်”ဟု မျိုးစက်သစ်(ရှမ်းပြည်) မှ ကိုမိုး က ပြောသည်။
ဆွေးနွေးပွဲသုံးသပ်ချက်နှင့် သဘောတူညီချက်များ ထုတ်ပြန်၍ အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီထံသို့လည်း ပေးပို့သွား မည်ဖြစ်ကြောင်း၊ (၄) ရက်တာ ကျင်းပခဲ့သော ဆွေးနွေးပွဲပုံရိပ် များအား ၀သန်ရုပ်ရှင် ပြပွဲတွင် ပြသသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။