ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများအတွက် ပြင်ဆင်နေချိန် အတွင်း နိုင်ငံရေး ဆွေးနွေးပွဲသို့သွားမည့် အခြေခံအချက်များ ချင်းပြည်နယ်အတွက် စုစည်းပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ ရွှေခါးရ်က မဇ္စျိမကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောသည်။
ယင်းအခြေခံအချက်များကို နိုဝင်ဘာ ၁၂ရက်မှ ၁၅ရက်အထိကျင်းပခဲ့သည့် ချင်းလူထု အလွှာပေါင်းစုံတက် ရောက်ခဲ့သည့် ပထမဆုံး ညီလာခံတွင် သဘောတူညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ ဆွေးနွေးရမယ့် အခြေခံ အချက်တွေ ရှိနေပြီလို့ ဆိုရမှာပေါ့၊ ဒီကြားထဲ ရှိလာမယ့်တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ကိုတော့ အကောင်းမြင်ထားပါတယ်၊ အာမခံချက်ရှိတဲ့ ညှိနှိုင်းမှုတွေတော့ လိုအပ်မှာပေါ့”ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။
အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားများ၏ ပညာရေး ၊ သယံဇာတခွဲဝေမှု ၊အစိုးရနှင့် ဆက်လက်ဆွေးနွေးရမည့် အချက်များကို အခြေခံဆွေးနွေးသွားရန် ညီလာခံက လျာထားခဲ့ခြင်းဖြစ်သည်ဟု ညီလာခံ ဖြစ်မြောက်ရေး ပူးပေါင်းကော်မတီမှ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇက်ခင်က ပြော ကြားသည်။
အဆိုပါညီလာခံတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ ၊ ဖွဲ့စည်းပုံအခြေခံ ၊ ဥပဒေရေးရာ တရားစီရင်ရေး မဏ္ဍိုင်များ ပြုပြင်ရေး၊ ချင်းအမျိုးသားရေး မျိုးနွယ်စု ကိစ္စများ၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် ရရှိရေး ၊ စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးရေး အခြေခံ အဆောက်အအုံများ တိုးတတ်လာရေး ၊ စားနပ်ရိက္ခာ ဖူလုံရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စ၊ ပညာရေး၊ ဒုက္ခသည် စခန်းများ ကိစ္စ၊ ကျားမ မခွဲခြားရေး ကိစ္စ စသည့် သဘောတူညီမှု ၁၁ ချက်၊ အသေးစိတ်ဆွေးနွေးချက် ၁၅၀ကျော် ထွက်ရှိခဲ့ပြီး ယင်းတို့ကို အခြေခံဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ လက်နက်ကိုင်တပ်ဖွဲ့ များ ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များ၊ ချင်းပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း လူ ၅၇၁ ဦး တက်ရောက်ခဲ့သည်။