၂၀၁၃ ဒီဇင်ဘာလ ၃ ရက်တွင်ကျရောက်သော ၂၁၀၈ သျှမ်းနှစ်သစ်ကူးအား ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီကနှစ်သစ်ကူးပွဲ အထူးဧည့်သည်အဖြစ် မျိုးဆက်သစ်အနုပညာရှင်များမွေးထုတ် ပေးရေးအဖွဲ့ ဖွဲ့စည်းထားသည့် နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မောဝ် အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
“ ကျနော်တို့ ကျေးလက်တောရွာတွေမှာ အရည်အချင်းပြည့်မှီတဲ့ ဝါသနာရှင် လယ်ကွင်းထဲက အဆိုတော်တွေ ပေါများ တယ်။ သူတို့တွေက မြို့တက်ပြီး ဝါသနာအရ သီချင်းခွေထုတ်ဖို့ အသံသွင်းတာ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်က သူတို့လေးတွေကို ရည်ရွယ်ပြီး မျိုးဆက်သစ် အနုပညာရှင်တွေကိုမွေးထုတ်ချင်တယ်။ မိုဘိုင်းရီကောဒင်းအဖွဲ့ ဖွဲ့ပြီး အဲဒီလူငယ်တွေကို ပျိုးထောင်ချင်တယ်။ ပျိုးထောင်မှုတွေလုပ်နေတယ်အခု” ဟု သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။
ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီက အဆိုတော် စိုင်းဆိုင်မောဝ်အား ဝါရင့် သျှမ်းအနုပညာရှင် အဖြစ်ဂုဏ်ပြုပွဲကိုပါ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ ၎င်း၏ မိုဘိုင်းအဖွဲ့အား ခေါ်ဆောင်လာခဲ့ကြောင်း စိုင်းဆိုင်မောဝ်က ပြောပါသည်။
“ ကျနော် အခု ပျိုးထောင်နေတဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ် ၄ -၅ ယောက်ရှိပါတယ်။ အခုကျနော်နဲ့ပါလာတာကတော့ စိုင်းနန်တ (သိန္နီ)၊ စိုင်းဆိုင်ဝမ်း (နမ့်ခမ်း) ၊ စိုင်းနွံ ကောင့်ငါးဆေ (မူစယ်)၊ အိုက်ကျောက် ဇန်ပျက် (တောင်ကြီး)။ ကျနော် သီချင်းခွေတွေထွက်ရင် သူတို့တွေ ပါလာပါမယ်။ ကျနော်စိုင်းဆိုင်မောဝ်ဆိုတာ သျှမ်းလူထုကို ဂီတအနုပညာနဲ့ ကျေးဇူးဆပ်သွားမှာပါ။ ကျနော့်ဘဝမှာ သီချင်းလေးဆိုနေရရင်ကျေနပ်ပါပြီ။ ဒါ ကျနော့်ရဲ့စေတနာစစ်စစ်ပါ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
“ချင်းမိုင်ပွဲက ဒီဇင်ဘာ ၁ ရက်နေ့မှာ စ တယ် ၃ ရက်နေ့မှာ ပြီးမယ်။ ဒီနှစ်ပွဲစည်တယ်။ စိုင်းဆိုင်မောဝ်ကို လူတွေက မတွေ့တာ ကြာ ပြီလေ။ အားပေးကြတယ်။ ပွဲဝင်ကြေး တယောက် ၁၀၀ ဘတ် ပေါ့။ ဒီဇင်ဘာ ၃ ရက်နေ့မှာ စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြု ချီး မြှင့်တယ်။ နာမည်ကြီး ဝါရင့် သျှမ်းအနုပညာရှင်တယောက်အနေနဲ့ပေါ့ ” ဟု ချင်းမိုင်မြို့ သျှမ်းနှစ်သစ်ကူးပွဲကျင်းပရေးကော်မတီ စိုင်းဆိုင် ကပြော သည်။
ဒီဇင်ဘာ ၂ ရက်နေ့တွင် သျှမ်းပြည် သျှမ်းသမိုင်းနှင့်ပတ်သက်သည့် စကားရည်လုပွဲများ ကျင်းပခဲ့သည်။ တတိယနေ့တွင်မူ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမှုနှင့် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပခဲ့ပါသည်။ ထိုနောက်ပိုင်း တရက်လုံး တေးသီချင်းသီဆိုဖျော်ဖြေပွဲပြုလုပ်ခဲ့ပါသည်။
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သော ၂၁၀၈ ခု သျှမ်းနှစ်သစ်သည် ယခုနှစ် မြင်းနှစ် ကျရောက်ပြီး သျှမ်းပြည်အနှံ့ လွတ်လပ် ကျင်းပနိုင်သည်ကိုတွေ့ရကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၊ နမ့်ခမ်းမြို့ လားရှိုးမြို့၊ တန့်ယန်းမြို့ မှ တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ ပင်လုံ၊ နမ့်ဇန်၊ မိုးနဲ၊ လင်းခေး အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ် တာချီလိတ် ကျိုင်းတုံနှင့် အထူးသဖြင့် မိုင်းလား အထူးဒေသ ၄ တို့တွင် နှစ်သစ်ကူးကြိုဆိုပွဲကို ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ကြောင်း သိရပါသည်။