သျှမ်းလူဦးရေစာရင်း အတိအကျ သိရရေးအတွက် သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီက သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းတို့တွင် ကွင်းဆင်းပြီး ပြည်သူလူထုနှင့်တွေ့ဆုံကာ ရှင်းလင်းမှု ပြုလုပ်နေပါသည်။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှ သျှမ်းပြည်တောင်ပိုင်းနှင့်အရှေ့ပိုင်းသို့ သျှမ်းစာပေ ပညာရှင် ဆရာစိုင်းဖှ ၊ စည်းရုံးရေးမှူးဖြစ်သော ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင်၊ မိုင်းကိုင်မြို့ ကိုယ်စားလှယ် စိုင်းပန်၊ နမ့်ဇန်မြို့က ကိုယ်စားလှယ် စိုင်းသူရိန်ဦးတို့က ဒေသခံလူထုတို့နှင့်တွေ့ဆုံခဲ့ကြောင်း သျှမ်း ပြည်တောင်ပိုင်းဒေသခံစိုင်းဆိုင်က ပြောပါသည်။
သင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တို့တွင် ဖွင့်လှစ်ရန်စီ စဉ်ထားကြောင်း ပြောသည်။
၄င်းနှင့်ပတ်သက်ပြီး စိုင်းသန်းမောင်ကလည်း “သျှမ်းပြည်လူဦးရေးကောက်ယူရေး သင်တန်းကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နဲ့ တောင်ပိုင်း နမ့်ဇန်မြို့နယ်မှာဖွင့်လှစ်ပေးမယ်။ တမြို့နယ် ကိုယ်စားလှယ် ၁၀ ဦး သင်တန်းကို လွှတ်စေလိုတယ်။ သျှမ်းပြည်ထဲက မြို့နယ် မြို့နယ်ခွဲ အားလုံးပေါင်း ရ၀ ကျော်အတွက် ကျပ်ငွေသိန်း ၂ ထောင် ကုန်ကျမယ်လို့ခန့်မှန်းထားတယ်” ဟု ပြောဆိုသည်။
“အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်က ဘယ်လောက်အရေးကြီးတယ်၊ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ရင် ကိုယ့်ရဲ့နာမည်စာရင်းမပါသွားရင် ဘယ်လောက်အထိ နစ်နာသွားမယ် စတာတွေ ရှင်းလင်းပြတယ်။ နောက်ပြီးတော့ သျှမ်းပြည်သားအားလုံးရဲ့နာမည်စာရင်း ပါသွားဖို့အတွက် မြို့နယ်တိုင်းက ကိုယ်စားလှယ်တွေကို လူဦးရေစာရင်း ဘယ်ကဲ့သို့ကောက်ယူရမည်၊ ဘယ်လိုသင်တန်းပေးမယ်ဆိုတာ ပြောပြသွားတာပါ၊ အဓိကကတော့ လိုအပ်တဲ့ ရန်ပုံငွေ သတ်နိုင်သမျှ ထည့်ဖို့ ပါ။ ငွေမရှိရင်လဲ ဘာမှ မတတ်နိုင်ဘူးလေ။ တချို့သူဌေးတွေလဲ ထည့်ဖို့ နှုတ်ဂတိပေးပြီးပြီလို့ကြားတယ်” ဟု မိုင်းတုံဒေသခံ နန်းဟိန်းက ပြောသည်။
ဆက်ဆံရေးရုံးကို ကျောက်မဲမြို့တွင်ထားရှိပြီး လတ်တလောတွင် ရုံးထိုင်တဦးသာထားနိုင်သေးကြောင်း ကိုယ်စားလှယ်များအား သင်တန်းပေးပြီးပါက ရုံးထိုင် ၁၀ ဦး ခန့်ထားရန်စီစဉ်ထားကြောင်း စိုင်းသန်းမောင် က ပြောဆိုပါသည်။
၂၀၁၄ မတ်လ ၃၀ ကနေ ဧပြီလ ၁၀ ရက်နေ့အထိ တနိုင်ငံလုံးလူဦးရေစာရင်းကောက်ယူရေးတွင် သျှမ်းပြည်သားများအားလုံး တယောက်မကျန် စာရင်းအမှန်ပါသွားနိုင်ရန်အတွက် သျှမ်းပြည်တွင် သျှမ်းလူဦးရေစာရင်းကောက်ယူရေးကော်မတီဖွဲ့စည်းလှုပ်ရှားနေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် သျှမ်းစာပေယဉ်ကျေးမှုအသင်း (ရန်ကုန်) နှင့်စေတနာရှင်လူငယ်မောင်မယ်များက သျှမ်းပြည်လူဦးရေ အမှန်ကောက်ယူရေးကော်မတီ ဖွဲ့စည်းကာ ကွင်းဆင်းလှုပ်ရှားနေပါသည်။