Jefry Tupas - ရန်ကုန်- လွန်ခဲ့တဲ့နှစ်နှစ်ကဆို ဖရက်ဒီလင်း ဟာ သူ့ရဲ့အချိန်အများစုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်မှာ ရှိတဲ့ အများသုံး အင်တာနက်ဆိုင်မှာ ကုန်လွန်အသုံးချနေခဲ့တယ်။ ဆယ်စုနှစ် ခြောက်စုကျော် လက်နက်ကိုင် ပဋိပက္ခကြောင့် တိုးတက်မှုနှေးကွေးခဲ့ရတဲ့ သူနေထိုင်ရာ လူမှုအသိုင်းအဝိုင်းမှာ မကြားခဲ့ရ တာတွေ သူတက်ရောက်ခဲ့တဲ့တက္ကသိုလ်မှာ မသင်ယူခဲ့ရတဲ့ ကမ္ဘာ့လောကကြီးနဲ့ မိတ်ဆွေတွေကိုအဲဒီနေရာ မှာ သူထိတွေ့လိုက်ရတယ်။
ဒါဟာမြန်မာပြည်တနံတလျားမှာဖြစ်ပွားနေတဲ့စစ်တပ်နဲ့ တိုင်းရင်းသား လူမျိုးစုတွေကြားက ပြင်းထန်တဲ့တိုက် ခိုက်မှု သတင်းတွေနဲ့ မကြာခဏဆိုသလို ရက်စက်မှုတွေအကြောင်း ရှာဖွေတွေ့ရှိခဲ့မှုပါ။ ဒါပေမယ့် ဒါကိုဆက်လုပ်သင့်တယ်လို့ ဖရက်ဒီလင်းကသိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက် အသုံးပြုခြင်းဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နယ်စပ်မှာ တည်ရှိတဲ့ မြန်မာပြည် မြောက်ပိုင်းက ပြည်နယ်ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ ပြင်ပ ကမ္ဘာလောကနဲ့ သူ့ကို အဆက်မသွယ်ဖြစ်စေခဲ့လိုပဲဖြစ်ပါတယ်။ တစ်နာရီ ကိုသုံးစွဲခ အနည်းဆုံး ၄၀၀ ကျပ်ပေးရတဲ့ သူ့သူငယ်ချင်းတွေနဲ့ မတူဘဲ သူလည်းအလားတူ အခွင့်အရေး ရှိနေခဲ့ပါတယ်။ ဖရက်ဒီလင်းဟာ ပြင်ပကမ္ဘာနဲ့ ပက်သက်ပြီးတော့ သတင်းအချက်သိစရာတွေကို ငွေကုန်ကြေးကုန်မရှိဘဲ ရရှိနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ကဖေး (Internet Cafe) လို့လူသိများတဲ့ အများသုံးအင်တာနက်ဆိုင်မှာ သူကအလုပ်လုပ်နေခဲ့လို့ဖြစ်ပါတယ်။
ခုတလောမှာ မြစ်ကြီးနားအစိုးရတက္ကသိုလ်မှ ၂၄နှစ် အရွယ်ရှိ ရူပဗေဒဘွဲ့ရ လူငယ်လေးဟာ တစ်ပြား တစ်ချပ်မှ မသုန်းဘဲ အွန်လိုင်းပေါ်အများဆုံး တက်ဖြစ်နေဆဲပါ။ အခုဆိုရင် ရန်ကုန်မြို့မှာ မြန်မာအိုင်စီတီဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှာစေတနာဝန်ထမ်း လုပ်နေရင်းနဲ့ ဖရက်ဒီလင်းဟာ မြန်မာပြည်ရဲ့ ခန့်မှန်းလူဦးရေ ၅၅ သန်းထဲမှာ အင်တာနက်သုံးစွဲနိုင်သူ အရေအတွက်အားဖြင့် နည်းပါးလှတဲ့ မြန်မာပြည်သား ငါးသိန်း ထဲမှ တစ်ဦးအပါအဝင် ဖြစ်နေပါတယ်။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတို်င်းရဲ့ အခြေခံဥပဒေထဲမှာ ထည့်သွင်းဖေါ်ပြထားတဲ့ ဆက်သွယ်ရေး ဆိုတာ လူ့အခွင့်အရေး ကိစ္စတစ်ရပ်ဖြစ်တယ်လို့ ဗန်ကောက်အခြေစိုက် Media Inside Out ကိုပူးပေါင်း တည်ထောင်ခဲ့သူ တက္ကသိုလ် ပါမောက္ခ Ajarn Uboarat Siriyuvasak ကအခိုင်အမာ ထုတ်ဖေါ် ပြောဆိုဖူး ပါတယ်။ ဒီနေ့ခေတ်မှာတော့ အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံက နိုင်ငံသားများ အကြားမှာ အင်တာနက်ဆိုတာကို လွတ်လပ်မှုအတွက် နယ်ပယ်သစ်တစ်ခု နဲ့ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု တို့အတွက် အခြေခံ လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။
မြန်မာပြည်ဟာ အမှောင်ကြီးစိုးခဲ့တဲ့မတရားအုပ်စိုးခဲ့တဲ့ အတိတ်ကာလကနေလွတ်မြောက် အောင်ရုန်း ကန်နေရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာရာက လမ်းဖွင့်ပေးလိုက်ပြီးကတည်းက တက်ကြွလှုပ်ရှားသူတွေ အပါအဝင်မြန်မာ နိုင်ငံသားများစွာဟာ ပြင်ပကမ္ဘာထိရောက်ရှိကာ တစ်ဦးနဲ့တစ်ဦး သတင်းအချက်အလက် တွေကို ဖလှယ်ဖော်ပြပြီး လွတ်လပ်မှု အဝိုင်းအဝန်းရဲ့ အရသာကို အခုအချိန်မှာ ရရှိခံစားနေကြပြီဖြစ် ပါတယ်။
ဒါပေမယ့် သံသယကြီးတဲ့ လေ့လာစောင့်ကြည့်သူတွေကတော့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ ဟာ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားထားမှုတခုအဖြစ် ပြောဆိုကြပါတယ်။ တကယ့်အမှန် မှာတော့ မြန်မာအစိုးရနိုင်ငံသားတွေရဲ့ သတင်းအချက်အလက်ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် တွေကို ဆက်လက်ပြီးတော့ တားမြစ်ပိတ်ပင် နေတုန်းဘဲလို့ သူတို့က ပြောကြပါတယ်။ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပါတယ်ဆိုတဲ့ တိုင်းပြည်တစ်ခုမှာ ဆက်သွယ်ရေး နဲ့ အင်တာနက်ကတော့ နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုနဲ့ လက်ဝါးကြီးအုပ်မှု အောက်မှာ ကျရောက်နေတဲ့ ကုန်ပစ္စည်း တစ်ခုသာဖြစ်ပါတယ်။ လက်ဝါးကြီးအုပ် ထိန်းချုပ်ပြီး တော့ အင်တာနက်ကို ဖြန့်ဖြူးနေတဲ့ ပြဿနာဟာ တစ်ခါတစ်ရံမှာ တစ်ကြိမ်ပျက်ရင် တစ်နေကုန်ကြာတတ်တဲ့ လျှပ်စစ်ဓာတ် ပြတ်တောက်မှုကြောင့်လည်း ပိုပြီးတော့ ဆိုးရွားစေ ပါတယ်။
နိုင်ငံတော်ပိုင် မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်း (MPT) ဟာ ဆက်သွယ်ရေးကဏ္ဍကို သီးသန့် ကိုင်တွယ်ပါတယ်။ အစိုရရုံးတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေကို တယ်လီဖုန်းလိုင်းတွေ ချပေးပါတယ်။ မြန်မာပြည်တစ်ဝန်း လမ်းဘေးတယ်လီဖုန်းရုံးတွေကိုလည်း MPT က လုပ်ကိုင် ဆောင်ရွက်ပါတယ်။
MPT ဟာ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနရဲ့ လက်အောက်မှာ လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၀န်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပါ၀င်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို အများပြည်သူ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်အောင် စီစဉ်ပေးရေး ဆက်သွယ် ရေးလုပ်ငန်းကို စီးပွားရေး လူမှုရေး အုပ်ချုပ်ရေး အခြေခံ အဆောက်အအုံများ ရဲ့ လိုအပ်ချက်တွေနဲ့ အညီကိုက်ညီအောင် ပြုလုပ်ရေး လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ဆက်သွယ်ရေးဌာနတွေ တည်ထောင်ရေး ပြီးတော့ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများကို ကြီးကြပ်ရေး တို့ပါ၀င်ကြပါတယ်။
ရန်ကုန်နဲ့မန ္တလေးမြို့ ၀န်းကျင်မှာ ဖြန့်ဖြူးပေးမယ့် ဖိုင်ဘာ အင်တာနက် ဆက်ကြောင်း တပ်ဆင်ဖို့ Red Link ဆက်သွယ်ရေးကုမ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပဏီကို MPT ကခွင့်ပြုပေးခဲ့ ပါတယ်။ Red Link ကုမ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပဏီကို ပိုင်ဆိုင်သူကတော့ ယခင်စစ်အစိုးရလက်ထက်က တတိယအရေးပါဆုံး ထိပ်တန်း စစ်အရာရှိကြီးတစ်ဦးရဲ့သားဖြစ်သူ လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယကဖြစ်နေတဲ့ သူရဦးရွှေမန်းရဲ့သားတွေက ပိုင်ဆိုင်တာဖြစ်ပါတယ်။
မြန်မာပြည်မှာ တစ်ခြားအင်တာနက် လုပ်ဆောင်နေကြတာတွေကတော့ SkyNet MPS နဲ့ ရတနာပုံတယ်လီပို့ တို့ဖြစ်ကြပါတယ်။ ရတနာပုံတယ်လီပို့ ကတော့ နိုင်ငံတော်ပိုင် ကုမ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပဏီ တစ်ခုဖြစ်ပါတယ်။ SkyNet ကိုတော့ သမ္မတဦးသိန်းစိန်ရဲ့ နီးစပ်လှတဲ့မိတ်ဖက် တစ်ဦးဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။
အင်တာနက်ကဖေးမှာ မကြာခဏ လာရောက်အသုံးပြုတာပဲဖြစ်ဖြစ် ၀ိုင်ဖိုင် လွတ်လွတ်လပ်လပ် သုံးခွင့်ရဖို့ပဲဖြစ်ဖြစ် အင်တာနက်ချိတ်ဆက်ရာမှာ မြန်မာပြည်အနေနဲ့ ဖုန်းလိုင်းတွေ လိုအပ်နေဆဲပဲဖြစ်ပါ တယ်။ အင်တာနက်လိုင်းတစ်လိုင်း ရဖို့အတွက် လျှောက်ထားသူအနေနဲ့ အစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ရှိရမယ် ဒေါ်လာ ၅၀၀ ၀န်းကျင်ပေးဆောင်ရမယ်။ ပြီးတော့ ဒီလိုရရှိဖို့ လုပ်ဆောင်ရ တဲ့ကာလက တစ်လကနေ သုံးလ လောက်ကြာလေ့ရှိလို့ စိတ်ရှည်ဖို့တော့ လိုပါမယ်။ အိမ်ငှားရမ်း နေထိုင်သူတွေ အေဒီအက်စ်အယ်လ် အင်တာနက်လျှောက်ထားခဲ့ရင် လက်ခံ အတည်ပြုပေးဖို့ရာ အခွင့်အလမ်း နည်းပါးလှပါတယ်။
အံ့သြစရာတော့မရှိပါဘူး။ မြန်မာပြည်လူဦးရေရဲ့ ၆.၇% သို့မဟုတ် လူဦးရေ လေးသန်း နီးပါး လောက်သာ ဖုန်းလိုင်းတွေရှိကြတယ်လို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အစီရင်ခံစာ တစ်ခုမှာဖော်ပြထားကြောင်း လွတ်လပ်သော အာရှအသံ (RFA) မှဖော်ပြခဲ့ပါတယ်။
အင်တာနက်ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် နောက်တစ်ချက်က Red Link ကုမ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပဏီက ၀န်ဆောင်ပေးတဲ့ ဖိုင်ဘာအင်တာနက်ဆက်ကြောင်းအတွက် တပ်ဆင်ခ ဒေါ်လာ ၁၀၀၀ မှ ၁၅၀၀ အထိပေးရတာတွေရှိ ပါတယ်။ လစဉ်ကြေး ဒေါ်လာ ၆၀၀ မှသည် ရ၀၀ ၀န်းကျင်အထိ ပေးရတာလည်းရှိပါတယ်။ သာမာန် လုပ်သား တစ်ယောက်ဟာ တစ်လဝင်ငွေ ၈၀၀၀၀ ကျပ် (တနည်းအားဖြင့် ၈၂.၄၇ ဒေါ်လာ) သာရှိတဲ့ မြန်မာနိုင်ငံမှာ အထက်က ဖေါ်ပြတဲ့ငွေပမာဏကို သုံးနေရခြင်းက မြန်မာပြည်ရဲ့ နိမ့်ပါးလှတဲ့ အင်တာနက် ထိုးဖောက်မှုနှုန်း အနေအထားကို သဘောပေါက် နားလည်နိုင်မယ် ဖြစ်ပါတယ်။
ADSL မှတစ်ဆင့် အင်တာနက်ပါတဲ့ဖုန်းလိုင်းတစ်ခု ချိတ်ဆက်မယ် ဆိုရင် တပ်ဆင်ခ အနေနဲ့ အနည်းဆုံး ဒေါ်လာ ၁၀၀ ပေးဆောင်ရမှာဖြစ်သလို ဒေါ်လာ ၅၀ နဲ့ ရ၀ ကြား လစဉ် ပေးဆောင်ရမှာ လည်းဖြစ်ပါတယ်။
နှေးလွန်းတဲ့အင်တာနက်ရဲ့ ဒုက္ခ
မြန်မာပြည်မှာ အင်တာနက်လိုင်းသုံးချင်သူတွေ အတွက် ပထမဆုံးကြံုတွေ့ရမှာက စိတ်ဒုက္ခ ၊ နောက်ပြီးတော့ ဘုရားတနေ ရမှာဖြစ်ပါတယ်။ ဒီအဖြစ်ဟာ ဆက်သွယ်ရေး ၀န်ဆောင်မှုဟာ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း (MPT) ရဲ့ ထိန်းချုပ်မူအောက် ကျရောက်နေလို့ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ သတင်းအချက် အလက် နည်းပညာကျွမ်းကျင်သူ တစ်ယောက်က ရှင်းပြပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းမိုးဖို့ လုပ်ဆောင်ခြင်းနဲ့ တချို့သောသုံးစွဲသူတွေကို အင်တာနက်မြန်နှုန်း ကန့်သတ်နိုင်ဖို့ လုပ်ဆောင်ထားခြင်းသာ ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
ရန်ကုန်မြို့လယ်မှာ အင်တာနက် ဆက်သွယ်မှု မြန်နှုန်းတွေ အမျိုးမျိုး ပြောင်းလဲနေတာကို တွေ့ကြံုခံစားဖို့ လိုအပ်တယ်လို့ ပြောလျက်အထက်ပါ ပြောဆိုမှုတွေကို ထောက်ခံဆွေးနွေးတာကတော့ အခြားအိုင်တီ ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်သူ အောင်ဘာလေ ဖြစ်ပါတယ်။ တကယ်လို့ ငွေလေး (လာဘ်ထိုး) ချင်တဲ့ စိတ်ဆန္ဒရှိရင်တော့ အင်တာနက် မြန်နှုန်းကို တိုးမြင့်လို့ ရနိုင်တယ်လို့သူကပြောပါတယ်။
ဥပမာပြောရရင် ရန်ကုန်မြို့လယ် ဗိုလ်တထောင်ဘုရား လမ်းတစ်လျှောက်က စျေးသက် သာတဲ့ တည်းခိုခန်း တစ်ခုမှာ အင်တာနက် download နှုန်းက တစ်စက္ကန့်ကို ၀.၁၃ မဂ္ဂါဘစ် နဲ့ upload နှုန်းက တစ်စက္ကန့်ကို ၀.၁၅ မဂ္ဂါဘစ် သာရှိပေမယ့် အဲဒီနေရာနဲ့ ဘာမှမဝေးလှတဲ့ နေရာမှာရှိတဲ့ စစ်အစိုးရလက် ထက်က ခရိုနီလို့လူသိများသူတဦးပိုင်တဲ့ စားသောက်ဆိုင်မှာတော့ download နှုန်းက ၀.၅၅ မဂ္ဂါဘစ်နဲ့ upload နှုန်းက တစ်စက္ကန့် ကို ၀.၈၇ မဂ္ဂါဘစ် ထိရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်းက အနီးအနားမှာရှိတဲ့ ထိုင်းတို့ ဗီယမ်နမ်နိုင်ငံတို့ထက် နောက်ကျ ပါတယ်။ ဖိလစ်ပိုင်ထက်လည်း နောက်ကျ နှေးကွေးနေပါတယ်။ အရှေ့တောင်အာရှရဲ့ အဓိက ကုန်းမကြီး ပေါ်မှာ မြန်မာနိုင်ငံ အင်တာနက်မြန်နှုန်းဟာ အာရှမှာ စီးပွားရေးအရနောက်ဆုံး ကျန်ရစ်နေတဲ့ နိုင်ငံတွေ့ထဲက တစ်နိုိင်ငံဖြစ်တဲ့ ဆိုရှယ်လစ် လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ရှင်းကိုတောင် မယှဉ်နိုင်ဘူး ဖြစ်နေပါတယ်။
ဗန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ အင်တာနက် download ဆွဲနှုန်းက ၀.၉၈ မဂ္ဂါဘစ် ရှိပြီးတော့ upload နှုန်းက ၁.၀၂ မဂ္ဂါဘစ် အထိရှိတယ်လို့ အင်တာနက်မြန်နှုန်း ဆန်းစစ်မှုက သက်သေထူထားပါတယ်။ မနီလာမြို့မှာဆိုရင် ဖုန်းလိုင်းအခြေပြု အင်တာနက် upload နှုန်းက တစ်စက္ကန့်ကို ၀.၉၁ မဂ္ဂါအစ်(စ်) ရှိပြီးတော့ download နှုန်းက တစ်စက္ကန့်ကို ၅.၅၄ မဂ္ဂါဘစ် ရှိတယ်လို့ သိရပါတယ်။
ဗီယန်ရှင်းမြို့မှာ download နှုန်းက တစ်စက္ကန့်ကို ၁.၆၉ မဂ္ဂါဘစ် ရှိပြီးတော့ upload နှုန်းက တစ်စက္ကန့်ကို ၀.၆၀ မဂ္ဂါဘစ် ရှိတယ်။ ဒါပေမယ့် ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံရဲ့ ကျေးလက်ဒေသမှာတောင် အင်တာနက်ဆက်သွယ်မှုက download နှုန်းက တစ်စက္ကန့်ကို ၃၁.၂၄ မဂ္ဂါဘစ် ရှိပြီးတော့ upload နှုန်းက တစ်စက္ကန့်ကို ၂၇.၂၁ ရှိနေတယ်။ မနီလာနဲ့ ဗန်ကောက်မှာဆိုရင် အောင်မြင်တဲ့ အမေရိကန် ပေါ့(ပ်) အဆိုတော် လေဒီဂါဂါရဲ့ ဗီဒီယိုကို ဆွဲယူရာမှာ စက္ကန့်ဝက်သာ ကြာပါတယ်။ (ကွန်ပျူတာက အချက်အလက်တွေကို မသုံးခင်ထိမ်းသိမ်းထားဖို့ download ဆွဲနေချိန်မှာ ဗီဒီယိုကို ပြနေရင်းနဲ့မရပ်တန့်ဘဲ loading လုပ်တာ) ရန်ကုန်မှာဆိုရင်တော့ အဲဒီဗီဒီယို ပြသဖို့ကို စက္ကန့်သုံးဆယ် အနည်းဆုံးကြာတယ်။ အချက်အလက်ကို မသုံးခင် ထိန်းသိမ်းထားတာက တစ်မိနစ်ကျော် ကြာမယ်။ ရန်ကုန်အခြေစိုက် လေဒီဂါဂါ ပရိသတ်များအနေနဲ့ ၃း၃၅ မိနစ်ရှိတဲ့ ဗီဒီယိုကို download ဆွဲပြီးတော့ နောက်ဆုံး ဖွင့်ကြည့်နိုင်ဖို့ကို ၅ မိနစ်နီးပါး စောင့်ရပါလိမ့်မယ်။
ဗီယက်နမ်နိုင်ငံမှာ အင်တာနက်သုံးစွဲမှုအတွက် တစ်နာရီကို ဒေါင်ငွေ ၄၀၀၀ တနည်း အမေရိကန်ဒေါ်လာ ဆင့် ၂၀ လောက်ပေးရတဲ့ နေရာမျိုးမှာ အလားတူ ဗီဒီယို ဖွင့်ကြည့်ဖို့ကို ဆွဲယူတာဟာ သုံးစက္ကန့်သာ ကြာမြင့်ပါတယ်။
နှေးနှေးကွေးကွေး ဆက်သွယ်ရေး
“ မြန်နှုန်းကို ပုံသေထားလို့ ရတယ်ဗျ အစိုးရနဲ့ အဆက်အသွယ်ကောင်း တွေရှိဖို့ပဲ လိုအပ်တယ်။ အင်တာနက် ကော်နက်ရှင်တွေ ပိုကောင်းဖို့ စားပွဲအောက်ကနေ (လာဘ်ထိုးခြင်း) အပိုငွေတွေ ပေးရတာတွေ ရှိတယ်လို့ လူတွေပြောကြတာ ကျွန်တော်ကြားဖူး ပါတယ်။” ဒါကတော့ အောင်ဘာလေ ပြောတာ ဖြစ်ပါတယ်။
အင်တာနက်မြန်နှုန်းကို နိုင်ငံတော်က ထိန်းချုပ်ထားတာဆိုတော့ မြန်မာပြည်အနှံ့ အင်တာနက် ဆက်သွယ်မှု ပြတ်တောက်တာဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာလို့ အောင်ဘာလေက ယုံကြည်တယ်။
“ အစိုးရအနေနဲ့ အင်တာနက်မြန်နှုန်းကို အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင် သူ့အနေ နဲ့ လုပ်နိုင်ပါတယ်။ ဖိုင်ဘာဆက်ကြောင်းကို သုံးနေတာ ဆိုတော့ အားကိုးနိုင်တဲ့ မြန်နှုန်းပါ။ မြန်ဆန် ရမှာပေါ့” ဒါက အိုင်တီကျွမ်းကျင် ပညာရှင် တစ်ဦးကပြောတာပါ။
မြန်မာအစိုးရအနေနဲ့ နိုင်ငံထဲမှာ အင်တာနက်ဆက်သွယ်ခွင့်ကို ပေးအပ်ထားတယ်။ ဒါပေမယ့် အင်မတန် နှေးကွေးလှတဲ့ အင်တာနက်နှုန်းက ဘာကိုမှ လုပ်ဆောင်လို့ မရတဲ့နီးပါး ဖြစ်ပါတယ်လို့ ရန်ကုန်မြို့ရှိ တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးက ပြောဆိုခဲ့ပါတယ်။ ကျောင်းသားတွေကို အင်တာနက် မသုံးဖြစ်စေလောက်အောင် နှေးကွေးလှတဲ့ အင်တာနက် ဆက်သွယ်မှုကို နောက်ထပ် ဆင်ဆာဖြတ်တောက်မှု ပုံစံတစ်မျိုးလို့ သံသယဝင်မိပါတယ်လို့ ဘယ် သူဘယ်ဝါလို့ မေးမြန်းတဲ့အခါ အမည်အဖြစ် ဇေ လိုိ့သာ ဖေါ်ထုတ်ပြောဆိုခဲ့တဲ့ အဆိုပါ ပါမောက္ခက ပြောပါတယ်။
“ ဒါကို ဘာလို့ ခေါ်မလဲ။ ဒါဟာ ဆင်ဆာဖြတ်တောက်မှု လုပ်နေဆဲပဲဆိုတာ သေချာ ပါတယ်။ တခြားနိုင်ငံသားတွေ ခံစားရရှိနေခဲ့တဲ့ အခွင့်အရေးမျိုးကို ကျွန်မတို့ ဆုံးရှုံးနေရပါတယ်။ ဒီနိုင်ငံမှာ ကျွန်မတို့ဟာ ဆင်ဆာဖြတ်တောက်မှုတွေ ခံနေရပါတယ်” လို့ ၎င်းက ပြောဆိုပါတယ်။
နိုင်ငံတွင်း လက်ရှိ ဆက်သွယ်ရေး နည်းလမ်းတွေ အခြေအနေတွေဟာ လွတ်လပ်တဲ့ နိုင်ငံ တစ်နိုင်ငံဆိုတဲ့ နိုင်ငံပုံရိပ်နဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မှုရှိလာလိမ့်မယ်လို့ မြန်မာပြည် မှာရှိတဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုမှုတွေ ရှိလာကြပါတယ်။
“ မြန်မာအစိုးရဟာ ဟန်ပြသာ လုပ်ဆောင်နေတယ် မြန်မာပြည်က အင်တာနက်မြန်နှုန်းနဲ့ ဆက်သွယ်ရေး အခြေအနေဟာ တိုင်းပြည်ရဲ့လားရာကို အတိအကျ ဖော်ပြနေပါတယ်။ ပြီးတော့ ဒီလားရာဟာ တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် ဖြစ်စရာရှိတယ် ” လို့ အခြေခံလူ ကန်စားတွေ အတွက် လုပ်ဆောင်ပေးနေတဲ့ မြန်မာပြည် NGO အဖွဲ့တစ်ခုမှ ကနေဒါလူမျိုး ဂျက်စီကာ စတီဗင် က မှတ်ချက်ချ ပြောဆိုပါတယ်။
“ အပေါ်ယံအားဖြင့် လွတ်လပ်ပွင့်လင်းလာ သယောင်ရှိပါတယ်။ အရင်နှစ်ကာလတွေနဲ့ ယှဉ်လိုက်ရင် အဖက်ဖက်ကတော့ ပိုပြီးတော့ လွတ်လပ်ပွင့်လင်းမှု ရှိပါလာတာပေါ့။ ဒါပေမယ့် လက်ရှိမြန်မာပြည်ရဲ့ ပကတိအနေအထားနဲ့ အနာဂတ် ရည်ညွှန်းရာကို အခြေအနေတွေက ဖော်ညွှန်းပြသနေပါတယ်။ တကယ်တမ်းကျတော့ ဘာမှကို မပြောင်းလဲသေးပါဘူး ” လို့ ရန်ကုန်က ဟိုတယ်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြေဆိုခဲ့ပါတယ်။
“ အခုအချိန်မှာ အစိုးရဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ မျက်နှာဖုံးကို ၀တ်ဆင်နေတာပါ။ ဒါပေမယ့် မျက်နှာဖုံး အောက်ကတော့ အရင်အတိုင်းရှိနေဆဲပါ ” လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒီအမြင် သဘောထားကို မြန်မာသတင်းစာ ဆရာတစ်ချို့က လက္ခံကြပါတယ်။ အရင်အ စိုးရအဖွဲ့ကို အကောင်းမြင်ဖို့ ခက်သလို လက်ရှိအစိုးရနဲ့ ပတ်သက်ပြီးသော ကောင်းတာတွေ ပြောဖို့ မရှိ သလောက်ပါပဲလို့ အမည်မဖေါ်လိုတဲ့ သတင်းစာဆရာ မောင်နှံက ပြောသွားခဲ့ပါတယ်။
ဆက်သွယ်ရေးကတော့ ကျွန်တော်တို့ကို ချမှတ်ပေးထားတဲ့ နဂိုအတိုင်းပါပဲ။ ဒါကို တော် တော်များများက မြင်တွေ့ချင်မှလဲတွေ့မယ် ခံစားမိချင်မှလဲ ခံစားမိမယ်။ ဒါပေမယ့် နှေးနှေးကွေးကွေး ဆက်သွယ်ရေးရဲ့ အနေအထားဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု အတိုင်းအတာကို ထုတ်ဖော် ပြောနေသယောင် ရှိပါတယ်။ ဒါကတော့ ဂျာနယ်လစ်တစ်ဦးပြောသွားတဲ့ စကားပါ။
“ အစိုးရအနေနဲ့ တိုင်းပြည်ကို လွတ်လပ်ခွင့်တွေပေးဖို့ ဘယ်လောက်ထိ စိတ်ဆန္ဒရှိတယ် ဘယ်လောက်အထိ အဆင်သင့် ဖြစ်နေတယ်ဆိုတာကို သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ဘယ်လို အခွင့်အလမ်းတွေ ပေးနေသလဲဆိုတာကိုကြည့်လို့ ရပါတယ်။ အခြေခံအဆောက်အအုံတွေရှိတယ်။ အထောက်အကူပြု နည်းလမ်းတွေ ဖေါ်ဆောင်ပေးထားတယ်သာ ပြောတာ ကျွန်တော်တို့ ဘာဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုတွေ ဖြတ်တောက် နေရတာလဲ ” ဒါကတော့ အထက်က ဂျာနယ်လစ်ရဲ့ အပေါင်းအသင်းဖြစ်သူက ဝေဖန်ထောက်ပြထားတာပါ။
ကသောင်းကနင်း ဖြစ်နေတဲ့ အိုင်စီတီ
မြန်မာ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (MIDO) ရဲ့ အမှုဆောင် ဒါရိုက်တာ နေဘုန်းလတ် ကတော့ လက်ရှိ မြန်မာနိုင်ငံ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ အခြေအနေဟာ နိုင်ငံနဲ့ ပြည်သူအတွက် အခွင့်အရေး နည်းပါးလှပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ ကမ္ဘာကြီးက ရွာနဲ့တူလာပြီ” “ ဒါပေမယ့် အိုင်စီတီ ပညာနဲ့ အခြေခံအဆောက်အအုံ မရှိမှုကြောင့် ကျွန်တော်တို့ရဲ့ ရွာအချို့ဟာ တစ်ခြားကမ္ဘာလောက အကြောင်းကို မသိဘူးဖြစ်နေကြ တယ်။ မြန်မာနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြားက ကွာဟချက်က အရမ်းကို ကြီးမားပါတယ် ” လို့ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ထောင်လေးနှစ်ကျခံခဲ့ရတဲ့ နိုင်ငံရေးဘလော့(ဂ်)ရေးသားသူ နေဘုန်းလတ်က ပြောပါတယ်။
အစိုးရရဲ့ အိုင်စီတီရဲ့ အရေးပါမှုကို အလေးဂရုမပြုမှုကြောင့် ပြီးတော့ အို်င်စီတီကို အများပြည်သူ ဆိုင်ရာ ကျောင်းတွေမှာလည်း သင်ကြားမပေးမှုကြောင့်လို့ သူက ကြေကြေကွဲကွဲ ပြောဆိုခဲ့ပါတယ်။ ကွန်ပျူတာ သိပ္ပံဘာသာရပ်ကို ပုဂ္ဂလိက ကျောင်းတွေမှာ သင်တန်းတွေ ပို့ချပေး နေပေမယ့် လုံလောက် မှု မရှိဘူး ဆိုတာ သိသာလှပါတယ်လို့ သူကပြောဆိုခဲ့ပါတယ်။
ဒီလို လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းတဲ့အနေနဲ့ နေဘုန်းလတ်တို့ အဖွဲ့ဟာ အိုင်စီတီ နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို မြန်မာပြည့်အနှ့့ံ လိုက်လံဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ ပူးပေါင်းပါ၀င် တက်ရောက်ကြသူ အများစုကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့ အခြေပြု အဖွဲ့အမည်တွေက ပြီးတော့ အမျိုးသမီးတွေနဲ့ လူငယ်အဖွဲ့တွေ ပါ၀င်ကြပါတယ်။
မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) ကို အားပေးတာတွေထဲက တစ်ဦးကတော့ နိုဘယ်(လ်) ဆိုရှင် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေဟာ ကချင်နဲ့ရခိုင်ပြည်နယ်တွေ အထိတော့ ခုချိန်ထိမရောက် နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီဒေသတွေမှာ ပျံံ့နှ့ံနေတဲ့ တည်ငြိမ်မှု မရှိတဲ့ အခြေအန တွေကြောင့်ပါလို့ နေဘုန်းလတ် ၀န်ခံပြောဆိုခဲပါတယ်။ မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (MIDO) ရောက်ရှိခဲ့တဲ့ အဝေးဆုံးနေရာကတော့ ချင်းပြည်နယ်ဖြစ်ပါတယ်။ ရန်ကုန်နဲ့ ဝေးတဲ့နေရာဖြစ်လေ ဆိုးရွားတဲ့ အခြေအနေတွေက ဖြစ်ပေါ်လာလေပါပဲ။
ဆာဗာကြောင့် အင်တာနက် ဆက်သွယ်မှု ပြတ်တောက်ရတာနဲ့ ပတ်သက်ပြီးတော့ သူ့ရုံးခန်းမှာ ပြုလုပ်တဲဲ့ အင်တာနက်များ တစ်ခုမှာ သူတို့ရဲ့ သင်တန်းသား အများစုဟာ ကွန်ပျူတာကို ပထမဆုံး စတင်သုံးစွဲသူများ ဖြစ်ကြပြီးတော့ ဒါဟာ မြန်မာအများစုတဲ့ အိုင်စီတီ တက်မြောက်မှု အဆင့်အတန်းကို လှစ်ဟပြရာရောက် နေတယ်လို့ နေဘုန်းလတ်က ပြောဆို ဆွေးနွေးခဲ့ပါတယ်။
မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) ကပေးတဲ့ သင်တန်းမှာ အခြေခံကွန်ပျူတာ တက်မြောက်မှု ဘလော့(ဂ်) ရေးသားနည်း ဆိုရှယ်မီဒီယာနဲ့ ရှာဖွေရေးအင်ဂျင်သုံးစွဲနည်း စတာတွေ ပါ၀င်ကြပါတယ်။ “ သူတို့တွေက ကွန်ပျူတာနဲ့ ပတ်သက်ပြီး ဘာကိုမှ လုံးဝ မသိကြပါ ဘူး” “နောက်ထပ် ကြီးမားတဲ့ ပြဿနာ ကတော့ ဒီနေရာ ဒီဒေသ တွေမှာဖြစ်ပေါ်နေတဲ့ အင်တာနက်ကွန််နက်ရှင် ပါ” ဆိုပြီးတော့ နေဘုန်းလတ်က ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။ နောက်ထပ်ပြီးတော့ သိသိသာသာကိုပဲ အေးချမ်းရှိလှတဲ့ အစိုးရက အထောက်အပံ့ ပေးအပ်ထား တဲ့ နေရာတွေမှာတောင် အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေး ပြင်ပတွေမှာတောင် အင်တာနက် ဆက်သွယ်မှုက အဆင်ပြေမှု ညီမျှမှု မရှိပါဘူး။
ဒေသအလိုက် အလုပ်ဖြစ်အောင် စီမံခြင်း
ဒီအခြေအနေဟာ ကချင်မြေမှာ မွေးတဲ့ ဖရက်ဒီလင်းအဖို့ သူဇာတိမြို့နဲ့ ရန်ကုန်ကြားက မညီမျှမှုတွေကို အမြဲတစေ အတွေးဆပွားမှုတွေ ဖြစ်စေပါတယ်။ “ ရန်ကုန်မှာက ကျွန်တော်တို့မြို့ နဲ့ ယှဉ်လိုက်ရင် အခွင့်အလမ်းတွေလည်း ရှိတယ်။ အသင်းအဖွဲ့ တွေကလည်း ပိုပြီးတော့ အားသာချက် ရှိတယ်။ ဒီမှာက ပို့ဆောင်ဆက်သွယ်ရေးကလည်း ပိုကောင်းတယ် ” ဒါက ဖရက်ဒီလင်းရဲ့ ပြောဆိုမှု ဖြစ်ပါတယ်။
“ လူတိုင်း အထူးသဖြင့် ကချင်ပြည်သူ လူထုအနေနဲ့ ကမ္ဘာကြီးနဲ့ ထိတွေ့နိုင်ပါစေလို့ပဲ သူ ဆုတောင်းနိုင် ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာပြည် ဗဟိုအစိုးရဆီကနေ အကူအညီရသည်ဖြစ်စေ မရသည်ဖြစ်စေ ကချင်ပြည်နယ်က လူတွေကတော့ ဒါကိုုလုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ ဗမာအများစု မိုဘိုင်း(လ်)ဖုန်း အခြေပြု ဆက်သွယ်ရေး အခွင့်အလမ်း ရရှိကြသေးတဲ့ အချိန်မှာ ကချင်ဒေသမှာ နေထိုင်သူအများစုကတော့ တရုတ်နိုင်ငံမှ စျေးသက်သက်သာသာနဲ့ အလွယ်တကူ ရရှိနေကြတယ်ဆိုတာ သေချာပါတယ်။ ၂၀၀၈ ခုနှစ် အတွင်းက မြန်မာ့ ဆက်သွယ်ရေးက ဖြန့်ဝေတဲ့ ဆင်း(မ်)ကတ် တစ်ခုကို ကျပ်ငွေ နှစ်ဆယ့်ကိုသိန်း တစ်သောင်း သုံးထောင် (၂,၉၂၃,၀၀၀) သို့မဟုတ် ဒေါ်လာ သုံးထောင် (၃,၀၀၀) ကုန်ကျနေချိန်မှာ တရုတ် ဆင်း(မ်)ကတ် တစ်ခုအနေနဲ့ မြန်မာကျပ်ငွေ နှစ် သောင်း (၂၀,၀၀၀) သာ ကုန်ကျခဲ့ပါတယ်။
တရုတ် ဆင်း(မ်)ကတ် တွေကို အသုံးပြုပြီးတော့ ကချင်ဒေသခံတွေက ကချင်ပြည်နယ်အတွင်းနဲ့ ပင်လယ်ရပ်ခြားဒေသတွေကို တောင်မှ တယ်လီဖုန်း ခေါ်ဆိုမှုတွေ ပြုလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ရန်ကုန်မြို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာ ဒါမှမဟုတ် Text မက်ဆေ့(ချ်) ပို့တာမျိုးတွေ လုပ်လို့မရကြပါဘူး ပြီးတော့ တရုတ် ဆင်း(မ်)ကတ် သုံးစွဲသူတွေဟာ အင်တာနက် အသုံးပြုနိုင်တယ်။ ဖေ့(စ်)ဘွတ်(စ်) တော့ ၀င်လို့မရဘူး ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံမှာ ဖေ့(စ်)ဘွတ်(စ်) သုံးစွဲမှုကို ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ အကယ်၍ သူတို့အနေနဲ့ ဖေ့(စ်)ဘွတ်(စ်) သုံးချင်သပဆိုရင် သူတို့အနေနဲ့ အင်တာနက် ကဖေးဆိုင်ကို သွားဖို့လိုအပ်ပါတယ်။ ပြီးတော့ တစ်နာရီကို ၄၀၀ ကျပ်ပေးပြီး သုံးပေါ့။ ဒီနှုန်းထားက မြန်မာပြည်ရဲ့ ဝေးလံလှတဲ့ ဒေသတွေမှာ နှစ်ပေါင်းများစွာ မပြောင်းမလဲ တည်ရှိနေတဲ့ နှုန်းထားဖြစ်ပါတယ်။
“အင်တာနက်ကနေတစ်ဆင့် ကျွန်တော်တို့ အနေနဲ့ တစ်ခြားသူတွေကို မြင်တွေ့ရတယ်။ တစ်ခြားသူတွေနဲ့ ဆက်သွယ်လို့ရတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတာတွေကိုလည်း မြင်တွေ့ရ ပါတယ်။ အိုင်စီတီဟာ အရမ်း အရမ်းကို အရေးကြီးပါတယ် ” လို့ အွန်လိုင်း အသုံးပြုခြင်းရဲ့ အရေးပါပုံကို အလေးအနက် ပြောပြခဲ့တာကတော့ ဖရက်ဒီလင်း ဖြစ်ပါတယ်။
အဲဒီလို သဘောပေါက်နားလည်မှုကပ် မြန်မာအို်င်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO) မှာ စေတနာဝန်ထမ်း ပါ၀င်လုပ်ဆောင်ဖြစ်ဖို့ သူကို အထောက်အကူပြု တွန်းအား မောင်းနှင်ဖြစ်ပွား တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖရက်ဒီလင်းတို့ နေဘုန်းလတ် တို့ကို လူမျိုးတွေရဲ့ စိတ်ကူးပုံဖော်မှု အားလုံးအတွက် နောက်ထပ် စိမ်ခေါ်မှုကတော့ ပစ္စည်းကိရိယာတွေနဲ့ အခြေခံအဆောက်အအုံ တွေ မရှိဘဲနဲ့ သူတို့ သင်ကြားပေးလိုက်တဲ့ အသင်းအဖွဲ့တွေက သင်ယူထားတာတွေကို ဘယ်လို အသုံးချနိုင်မလဲဆိုတာ အပေါ်မှုတည်နေပါတယ်။
ဥပမာပြောရရင် မော်ကျွန်းမြို့ကနေ နေ့ဝက်လောက် လှေစီးပြီး ရောက်ရှိသွားနိုင်တဲ့ အလယ်ရေကျော်ဆိုတဲ့ ဧရာဝတီတိုင်းမှ ရွာငယ်လေးမှာဆိုရင် ဆရာတွေ အတွက် အဓိကပြဿနာ ကတော့ ကွန်ပျူတာတွေ မရှိခြင်းပါပဲ။ ကံကောင်းချင်တော့ ဆရာတွေထဲက ဦးဆောင်သူက ကွန်ပျူတာ သုံးစုံပေးအပ်ခဲ့တဲ့ အလှူရှင် တစ်ဦးကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကွန်ပျူတာ တွေကို အဖွဲ့ပိုင် မီးစက်ဖွင့်တဲ့ အချိန်ကျမှသာ သုံးကြရပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်းက ချင်းပြည်နယ်မှာ ချင်းပြည်နယ်က ကျောင်းတွေအတွက် ချင်းအတိုင်ပင်ခံ လုပ်ငန်းနဲ့ အိုင်တီအတွက် ဒိန်းမတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒေါ်လာ ၈၁၃,၆၃၀ ပေးအပ်ထားပါတယ်။ ဒီရန်ပုံငွေကို ချင်းပြည်နယ်အတွင်း ကျေးရွာ အသီးသီးမှာရှိတဲ့ ချင်းအထက်တန်း ကျောင်း ၃၀ ကို အင်တာနက် ဆက်သွယ်မှုတွေနဲ့ ကွန်ပျူတာ စင်တာတွေ ထောက်ပ့ံ ထားရှိပေးဖို့ အသုံးပြုသွားမှာပါ။
သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အလှူရှင်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံပွဲ တစ်ခုမှာ နော်ဝေ အစိုးရရဲ့ ချင်းပြည်နယ်သို့ ပေးအပ်ခဲ့တဲ့ တစ်ခြားသော အကူအညီတွေအပါအဝင် ဒီအကူအညီ တွေဟာ နိုင်ငံရေးအရသာမက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှု ကိုလည်း မြှင့်တင်ပေး နိုင်မှာပါလို့ ချင်းအမျိုးသား တစ်ဦး (CNF) ရဲ့ လက်ထောက်အတွင်းရေးမှူး ချုပ် ဒေါက်တာ Sui Khar က ပြောဆိုခဲ့ ပါတယ်။
ငြိမ်းချမ်းရေး နဲ့ အင်တာနက်
ဒေါက်တာ Sui Khar ရဲ့ အဖွဲ့ဟာ ချင်းပြည်နယ်အတွင်းက နိုင်ငံရေးနဲ့ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါ တယ်။ ဒီအဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပါ၀င်လာခဲ့ပြီးတော့ အခုဆိုရင် နိုင်ငံတကာ အလှူရှင်တွေ ဆီကနေ အသေးစား စီမံကိန်းနှစ်ခုကို လက္ခံရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
ဆက်သွယ်ရေးဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ပြီးတော့ ဒီစီမံကိန်းတွေဟာ အနာဂတ်မှာရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မူနဲ့လည်း အားလုံး ဆက်စပ်မူ ရှိနေပါတယ်လို့ အဲဒီတွေ့ ဆုံပွဲမှာ Dr. Suikhar အလေးအနက်မှတ်ချက်ပြု ပြောဆိုသွားပါ တယ်။
အမှန်တကယ်တော့ အင်တာနက်ဆက်သွယ်မှုဟာ မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြု ရှေ့ပြေးဆောင် ရွက်မှု MPSI ရဲ့ စီမံကိန်းတွေထဲက အရေးကြီးတဲ့ တစ်ခုဖြစ်ပါတယ်။ ဒီ MPSI အဖွဲ့ဟာ မြန်မာအစိုးရ နဲ့လက် နက်ကိုင်တပ်ဖွဲ့ တွေကြားက အပစ်အခတ်ရပ်စဲထားတဲ့ နယ်မြေဧရိယာတွေကို လေ့လာနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
MPSI အနေနဲ့ “တိုင်းရင်းသား ငြိမ်းချမ်းရေး အရင်းအမြစ် စီမံကိန်း” ဆိုတာကို ဆောင်ရွက်နေပါတယ်။ ဒါကတော့ အွန်လိုင်းပေါ်က အချက်အလက်ဆိုင်ရာ အရင်းအမြစ်စင်တာ တစ်ခုပါ။ ဒီစီမံကိန်းကမြန်မာပြည် တဝှမ်း ငြိမ်းချမ်းရေးဆိုင်ရာ သတင်းအချက်တွေကို ပေးဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အသေးစိတ် အချက်အလက်တွေကို ဖေါ်ပြဖို့ အပစ်အခတ်ရပ်စဲရေး အကြောင်းအရာတွေ ဖော်ပြပေးဖို့ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ MPSI တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်စပ်တဲ့ စီမံကိန်း စတာတွေကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အနှံဖြစ်ပေါ်နေတဲ့ အင်တာနက် ကွန်နက်ရှင်နှေးကွေးမှုကြောင့် လုပ်ဆောင်မှုတွေ နှောင့်နှေးရတယ်လို့ MPSI ရဲ့အတိုင်ပင်ခံ Allan Smith ကပြောပါတယ်။
(မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ MIDO လိုပဲ Smith ရဲ့အဖွဲ့ဟာလည်း ကယား ပြည်နယ် မြို့တော် လွိုင်ကော်မှာရှိတဲ့ ကျေးရွာတွေကို အင်တာနက်ဆက်သွယ်မှုမရှိတဲ့ ဒေသ တွေမှာ ကွန်ပျူတာနဲ့ အင်တာနက် အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ထားပါတယ်။)
မြန်မာနိုင်ငံမှာ အင်တာနက်ကို တိုးတက်အောင်လုပ်ဖို့ လိုနေပြီလို့ MPSI ရဲ့ ဥက္ကဌ Charles Petrie ကပြောပါတယ်။
ဒါက ပိတ်ပင်တားဆီးထာရမယ့် အရာတစ်ခုမဟုတ်ပါဘူး။ ဒါဟာ ဖွံ့ဖြိုးအောင်လုပ်ဆောင် ဖို့ လိုအပ်နေတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စမ်းသပ်လေ့လာချင်ပါ တယ်လို့ သူကဆိုပါတယ်။
Petrie ဟာ ကုလသမဂ္ဂ အရာရှိဟောင်း တစ်ဦးဖြစ်ပါတယ်။ စစ်အစိုးရ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ့နဲ့ ပတ်သက်ပြီး အစီရင်ခံစာ ရေးမိလို့ ၂၀၀၇ ခုနှစ်မှာ မြန်မာပြည်မှာ နှင်ထုတ်ခံခဲ့ရ သူဖြစ်ပါတယ်။ သေသေချာချာ အာရုံစိုက်ကြည့်မယ်ဆိုရင် အင်တာနက်ဟာသိသာ ထင်ရှားလှတဲ့ ပလက်ဖောင်းတစ်ခု မောင်းနှင်သူတစ်ယောက်ပါ။ ဒါကို ကျွန်တော်တို့က မသုံးဖြစ်ကြဘူးလို့ သူက ပြောပါတယ်။
ထိထိမိမိရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေဟာ ပွင့်လင်းမြင်သာမှုကိုဖော်ဆောင်ဖို့ အသုံးဝင်ပါ လိမ့်မယ်လို့ မြန်မာပြည်အတွင်းမှာ သူတို့လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးတော့ Petrie က ပြောပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်ထားတာတွေ လုံလောက်ပြီ လို့ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အင်တာနက်ကိုဘယ်လိုအသုံးချလို့ရမလဲ ဆိုတာကိုလဲ လေ့လာသွွားရမှာပါလို့သူက ပြောပြခဲ့ပါတယ်။
အစီအမံများနှင့် ကြိုတင်ဟောကိန်းထုတ်မှုများ
အမှန်တကယ်တော့ တရားဝင်အရ မြန်မာအစိုးရအနေနဲ့ အဲသလို စူးစမ်းရှာဖွေလေ့လာဖို့ အတွက် အားလုံး အဆင့်သင့်ဖြစ်နေပါပြီ။
၂၀၁၁ ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန်က အစိုးရအနေနဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် အိုင်စီတီအပါအဝင်အခြေခံ အဆောက်အအုံတွေကို တိုးချဲ့နေတယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများမှ ကြေးနန်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးတွေကို ပြောဆိုခဲ့ပါတယ်။
"အစိုးရအနေနဲ့ တိုင်းပြည်အတွက် စျေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ပေး နေသလို ပိုမိုပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်ပေးနေပါတယ်" လို့ မြန်မာပြည်ရဲ့ ဝေးလံလှတဲ့ မြိ့ုတော်နေပြည်တော်မှာ ပြုလုပ်တဲ့ အာဆီယံ ၀န်ကြီးများ အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။
အာဆီယံ စီးပွားရေးအဆောက်အအုံဟာ ရေရှည်တည်တံ့တဲ့ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ပြိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ လုံခြုံမှုရှိတဲ့ ဆက်နွယ်မှုရှိတဲ့ သတင်းအချက် အလက် အခြေခံ အဆောက်အအုံရဲ့ အရေးပါမှုကို အလေးအနက်ထားပါတယ်။ ဒိအပြင် ဒေသတွင်း အစီအမံဟာ အင်တာနက်အသုံးပြုမှုနဲ့ အီလက်ထရောနစ်လုပ်ငန်းရဲ့ လုံခြုံမှုတွေမှာ ယုံကြည်မှုတွေ တိုးမြှင့်လာဖို့ရာ တူညီတဲ့ အလေးထားမှုတွေ ဖြစ်ပေါ်စေပါတယ်။
၂၀၁၅ ခုနှစ်မှာ မြန်မာဟာ အာဆီယံရဲ့ ဥက္ကဌဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာနိုင်ငံမှာ ကြေးနန်း ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ နိုင်ငံခြား ကုမ္ပဏီ နှစ်ခုကို အစိုးရက လိုင်စင်တွေ ချထားပေးခဲ့ပါတယ်။ နော်ဝေနိုင်ငံမှ တယ်လီနောနဲ့ ကာတာနိုင်ငံမှ အော်ရီဒူး ဆိုတဲ့ ကုမ္ပဏီနှစ်ခုဟာ မီလီကွန်အင်တာနေရှင်နယ် ဆယ်လူလာ ORAGNE , ဗီယက်တဲ(လ်), MTN, Bharti, Airtel, Axiata, Digicel, KDDI ကော်ပိုရေးရှင်းနဲ့ စင်ကာပူ ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် အခြား တယ်လီကွန် ကုမ္ပဏီ ဆယ့်တစ်ခုကို ကျော်ပြီးတော့ လိုင်စင်ရရှိခဲ့တာပါ။
ဒါပေမယ့် ဆက်သွယ်ရေး ကုမ္ပဏီကြီးှနှစ်ခု ၀င်ရောက်လာတာ ဂုဏ်ပြုချီးကျူး ၀မ်းမြောက်ရမယ့် အကြောင်းတော့ မဟုတ်သေးဘူးလို့ အိုင်တီကျွမ်းကျင်ပညာရှင် အောင်ဘာလေက ပြောပါတယ်။
"အစိုးရအနေနဲ့ ဒီမှာ မူဝါဒကို မပြောင်းလဲသရွေ့ အရင်လိုပဲ ဖြစ်နေမှာပါ။ စျေးကွက်ထဲမှာ ပလေယာတွေ ဘယ်လောက်များနေပါစေ အရင်အတိုင်း မပြောင်းမလဲပဲဖြစ်နေမှာပါ ။ ရွေးချယ်စရာ တွေတော့ များလာတယ်ဆိုတဲ့ သဘောတော့ ရှိမှာပါ။ ဒါပေမယ့် အမြဲဒီလိုပဲ မပြောင်းမလဲဘဲ ဖြစ်နေမှာပါ" လို့ သူက ပြောပါတယ်။
အစိုးရအနေနဲ့ ကြေးနန်း ဆက်သယ်ရေး ကဏ္ဍကို ထိန်းချုပ်မှုကို စွန့်လွှတ်ပေးမှာလား "ဟင့်အင်း အစိုးရ အနေနဲ့ လွှတ်ပေးမှာ မဟုတ်ပါဘူး" လို့ သူကပြောပါတယ်။
ဒီအတောအတွင်း မြန်မာ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ နေဘုန်းလတ်က ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေကို လွတ်လပ်တဲ့ ကုမ္ပဏီတွေက ဆောင်ရွက်တာကို ခွင့်ပြုပေးဖို့ အစိုးရကိုစိန်ခေါ် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းကို ကြီးကြပ်ဖို့ လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ကိုလည်း ဖော်ဆောင်ရမယ်လို့ သူက ပြောခဲ့ပါသေးတယ်။
စစ်တပ်က လူတစ်ချို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကြောက်နေကြတယ်။ ကျွန်တော်ပြောတာက ဘာမှ ကြောက်စရာမလိုပါဘူး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီကနေ သူတို့ အသုံးချစရာတွေရနိုင် ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ သူတို့ဟာလည်း အဓိကကျတဲ့ ကစားသူတစ်ဦး ဖြစ်နိုင်ပါတယ်လို့ နေဘုန်းလတ်ကပြောပါတယ်။
ဖေ့စ်ဘွတ်ဆိုဆာ အင်တာနက်နဲ့ အတူတူ
အခု လောလောဆယ် မှာတော့ မြို့ပြက မြန်မာလူမျိုးတွေရဲ့ ဦးခေါင်းပေါ်မှာ ဒီလိုစိိုးရိမ်စိတ်တွေ ရှိနေကြ တယ်။ မိုးဖွဲကလေးတွေ ကျနေတဲ့ စနေနေ့ နေ့လည်ခင်းတစ်ခုမှာ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ မှာ လွတ်လပ်ခွင့်ဆိုတာ လူအုပ်စုတွေနဲ့ ဝေးဝေးမှာ အတူတကွရှိနေဖို့ပဲ ဆိုပြီး ထုတ်ဖော် တောင်းဆိုကြတယ်။
အသက် (၁၈) နှစ်အရွယ်ရှိတဲ့ ဒဂုံတက္ကသိုလ် ရူပဗေဒ ကျောင်းသား အာကာနဲ့ သူရဲ့ ချစ်သူ ကောင်မလေး လည်း အဲဒီအထဲမှာ ပါ၀င်ခဲ့ပါတယ်။ သူရဲ့မြို့ကြီးမှ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သူရဲ့ အထင်အမြင်ကို မေးကြည့်တဲ့အခါ အဲဒီလူငယ်က အနည်းငယ်အံ့သြသွားပါတယ်။ ဒါပေမယ့်“ အခြေအနေ တွေကဒီမှာပုံမှန်ပါပဲ ဒီမှာ ဘာမှ မဖြစ်ပါဘူး”လို့ သူက စကားပြန်မှတဆင့် ပြောပါတယ်။ သူရဲ့ကောင် မလေးတော့ ပြုံးရုံသာပြုံးပြပြီးတော့ ထင်မြင်ချက် ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
သူအနေနဲ့ သတင်းအချက်အလက်အတွက် အင်တာနက်သုံးတာမျိုး ဒါမှမဟုတ် သတင်း တွေ ဖတ်ရှုဖို့ အင်တာနက်သုံးတာမျိုး တစ်ခါမှ မလုပ်ဖူးပါဘူးလို့ အာကာက ပြောခဲ့ပါတယ်။ ဒါပေမယ့် သူဘယ်လိုပဲ အလိုရှိရှိ အင်တာနက်သုံးဖို့ သူ့မှာ လွတ်လပ်မှု ရှိပါတယ်လို့ သူကပြောပါတယ်။
"ကျွန်တော်အနေနဲ့ ငွေ ၂၅၀ ကျပ် (၂၆ ဆင့်)သာရှိဖို့ လိုအပ်ပါတယ် ကျွန်တော်လုပ် ချင်တာ လုပ်လို့ရတယ် ဗျာလို့ သူကပြောပါတယ်။ အသေးစိတ်ရှင်းပြဖို့ ပြောလိုက်တဲ့အခါ သူဟာ တစ်ခြားသူတွေနဲ့ ဆယ်သွယ်ဖို့နဲ့ လူမှုကွန်ရက်တွေကြောင့်သာ အင်တာနက်ကို သုံးစွဲခဲ့တာပါလို့ ရှင်းပြပါတယ်။ သူ့သူငယ်ချင်း အများစုက လည်း အင်တာနက်ကို ဒီလိုပဲ သုံးစွဲနေတာပါ" လို့ အာကာကပြောပါတယ်။
"သူ့မှာ ဖုန်းမရှိလို့ မိုးရွာတဲ့နေ့ အစောပိုင်းက သူလုပ်ခဲ့သလိုမျိုး သူ့ကောင်မလေးနဲ့ ချိန်းဖို့ ဒါမှ မဟုတ်သူ့ ကောင်မလေးနဲ့စကားစမြည်းပြောဖို့ အင်တာနက်ကဖေးကို သွားပါတယ်"လို့ သူကဆက် ပြောပါတယ်။
ရန်ကုန်မြို့ထဲမှ BizNet အမည်ရအင်တာနက် ကဖေးဆိုင်က အာကာ့အရွယ်မြန်မာ လူငယ် လေးတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ အားလုံးလိုလို ဖေ့စ်ဘွတ် အသုံးပြုနေတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက မြန်မာပြည်မှာ အင်တာနက် သုံးစွဲနိုင်ဖို့ကို လူတွေဟာ မှတ်ပုံတင်ခဲ့ရ ပါတယ်။အင်တာနက် ကဖေးဖွင့်လှစ်လုပ်ကိုင်သူများဟာ မြန်မာ့ဆက်သွယ်ရေးကချမှတ်တဲ့ စည်းမျဉ်းစည်း ကမ်းရဲ့တစ်စိတ်တစ်ဒေသ အဖြစ်အင်တာနက်သုံးစွဲသူတွေရဲ့ ဓါတ်ပုံကိုမှတ်တမ်း တင်ရိုက် ယူခဲ့တာမျိုး တွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် BizNet အင်တာနက်ဆိုင်ရဲ့အခြေအနေကို အခုလေ့လာ ကြည့်လိုက်တော့ အဲဒီမူဝါဒကို မလိုက်နာကြတော့ဘူးဆိုတာကို မြင်တွေ့ရပါတယ်။
"ဆက်လုပ်ပါ မှတ်ပုံတင်ရန်မလိုပါ" ဆိုတာကတော့ကောင်တာမှာ ထိုင်နေတဲ့ အမျိုးသမီး ကပြောလို်က်တဲ့ စကားပါ။
ဒါပေမယ့်လည်း "အင်တာနက်သုံးစွဲသူများ ခင်ဗျား နိုင်ငံရေးနဲ့ ညစ်ညမ်းဝက်ဆိုက်များ ကြည့်ရှုခြင်း မပြုရ။ ကျေးဇူးတင်လျက် BizNet " ဆိုတဲ့ပိုစတာ တစ်ခုကိုတော့ အင်တာနက်ဆိုင်ရဲ့ နံရံ တစ်ချပ်ပေါ်မှာ သိသာထင် ရှားစွာ ချိတ်ဆွဲထားရှိထားတာကို တွေ့ရပါတယ်။
မြန်မာဘာသာပြန်ဆိုသူ - မြင့်ကျော် (သတင်းစာပညာ သင်တန်းဆရာ)
*Jefry Tupas သည် အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့၏ ၂၀၁၃ ခုုနှစ်ဖဲလိုုးရှစ် “SEAPA Journalism Fellowship Program” ရရှိသူ ၆ ဦးအနက်မှ တစ်ဦးဖြစ်ပါသည်။ ယခုုဆောင်းပါးမှာ “Freedom of Expression-Challenges to Internet Governance in Southeast Asia” ခေါင်းစဉ်ပါ အစီအစဉ်အတွက် ရေးသားသည့် ဆောင်းပါးတပုုဒ်ဖြစ်၍ နကိုုမူလ Newsdesk (newsdesk.asia) တွင်ဖေါ်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ Jefry Tupas သည် Newsdesk (newsdesk.asia) တည်ထောင်သူတဦးလည်း ဖြစ်သည်။
ယခုုဆောင်းပါးကုုိ မြန်မာနိုုင်ငံတွင်း ထုုတ်ဝေသော သတင်းဂျာနယ်များနှင့် အွန်လိုုင်းသတင်းများအတွက် SEAPA မှ ပြန်လည်ဝေမျှပါသည်။