ပေါ့ဆမီးသာ ဖြစ်နိုင်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ပြောကြား

ပေါ့ဆမီးသာ ဖြစ်နိုင်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ပြောကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောစျေးကြီးနှင့် သုံးမိုင်ရှိ ဗလီ အဖြစ် အသုံးပြုထားသော အဆောက်အဦး တစ်ခုတို့ နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေက မီးလောင်မူ ဖြစ်ပွားရာ ဖြစ်စဉ် နှစ်ခုမှာ အချိန် အနည်းငယ် အတွင်း ရှေ့ဆင့် နောက်ဆင့်  ဖြစ်ပွား ခဲ့သော်လည်း ရှို့မီး မဟုတ်ဘဲ ပေါ့ဆီမီးသာ ဖြစ်နိုင်ကြောင်း မောင်တောခရိုင် ရဲမှူးကြီးက ပြောသည်။

“ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ ကျွန်တော်တို့ လက်ရှိ မြင်ရတာက ပေါ့ဆမီးလိုဘဲ ထင်ပါတယ်။ ဘယ်ရခို်င်မှလာ မရှိို့သလို ဘယ်မွတ်ဆလင်ကလည်း အနီးအနားမှာ မရှိပါဘူး။ မီးလောင်ဆိုတဲ့ ဗလီဆို တာကလည်း အမှုဖြစ်နေတဲ့အတွက် ပစ်ထားတဲ့ ဗလီပါ။ သက်ကယ်မိုး၊ ထရံကာ အဆင့်ပါ။ ဆေးလိပ်မီး ကနေ လောင်တဲ့ပုံစံပါ” ဟုု မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာစျေးတွင် နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေ ရ နာရီ ၁၅ မိနစ်တွင် မီးလောင်ခဲ့ပြီး ၎င်းနေ့ ညနေ ၉ နာရီခွဲခန့်တွင် မောင်တော သုံးမိုင်တွင် အမှုဖြစ်၍ ပစ်ထားသော ဗလီပျက်တစ်လုံး မီးလောင်ခဲ့သည်ဟု သိရသည်။

မောင်တော မြို့မစျေးမီးမှာ ဆိုင်ခန်းပိုင်ရှင် အဘူဘော်ကော် ပိုင်ဆိုင်သော ဆိုင်ခန်းအမှတ် (၂)ဘီ-  ၁၁/၁၂၊ အလှကုန်နှင့် ဖိနပ်ဆိုင်တို့မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆို်င်ခန်း (၂) ခန်း မီးထဲ ပါသွားခဲ့ရာ ပျက်စီးဆုံးရှုံးမူ ပမာဏမှာ ကျပ် (၁၀) သိန်းဖိုးခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ပြောသည်။

သို့သော်လည်း  နိုင်ငံတကာတွင် ရခိုင် လူမျိုးများကို အပုတ်ချလိုသူ တစ်စုက သာသာရေး လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး ရခိုင် ၃၀၀ ခန့်က ၎င်းဗလီအား ၀င်ရောက် တိုက်ခိုက်ကြောင်း သတင်းများ မဟုတ်မမှန်ရေးသားကာ ၀ါဒဖြန့် နေကြကြောင်း သိရသည်။

“ ဘယ်ရခိုင်မှ လာမရှို့ပါဘူးဗျာ။ ဒါက သက်သက် ပြဿနာကို မကျယ်ရင် ကျယ်အောင်ချဲ့နေတဲ့သူတွေက လုပ်နေတာပါ။ ဘယ်ရခိုင်မှ ဒီအချိန်မှာ မီးလာရှို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ရဲမှူးကြီးက ဆိုသည်။

မောင်တော ဒေသခံ ရခိုင်များကမူ အိုအိုင်စီ ကိုယ်စားလှယ်များကို ရခိုင် လူမျိုးများက စစ်တွေနှင့် မောင်တောတွင် ဆန္ဒပြကန့်ကွက်သဖြင့် မကျေနပ်သူ ဘင်္ဂလီ အစွန်းရောက် အချို့မှ ပြဿနာ ပိုမိုကြီးထွား လာစေရန် ရည်ရွယ်ပြီး အကွက်ကျကျ စီစဉ်ပြီး မီးရှို့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းကမူ ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့့် တစ်ဘက် စွပ်စွဲချက်များကို ပယ်ချပြီး ပေါ့ဆီမီးကြောင်း စျေးကြီးနှင့် ဗလီ မီးလောင်ခြင်းသာ ဖြစ်နိုင်ကြောင်း ဆက်လက် ပြောဆိုသည်။

ယခုမီးလောင်သည်ဆိုသော ဗလီသည် ယခင်အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော မီးရထား ဘူတာရုံဟောင်း တစ်ခု ဖြစ်ပြီး ယင်းအထဲတွင် လက်မှတ်ရောင်းသည့် ရုံအဟောင်း တစ်ခုပင် ရှိသေးသည်ဟု မောင်တော ဒေသခံ တစ်ဦးက ဆိုသည်။

၎င်းဘူတာရုံ အဟောင်းအား ၂၀၀၂ – ၂၀၀၃ ခုနှစ်က ၀န်းကျင်က မောင်တောတွင် တာဝန်ကျခဲ့သူ ထောက်လှမ်းရေး (၁၈) မှ ဗိုလ်မှူး ၀င်းမြင့်မှ ကျပ်ငွေ (၄၅) သိန်းဖြင့် မွတ်ဆလင် စီးပွားရေး သမား တစ်ဦးကို ရောင်းချခဲ့ပြီး ယင်းနောက်ပိုင်းတွင် အမှုဖြစ်နေသဖြင့် ဗလီအဖြစ် အသုံးပြုထားသည်ဟု သိရသည်။

Most read this week