ပေါက်တောမြို့နယ်မှ (၅) နှစ်အရွယ်မိန်းကလေးငယ်သတ်မှု ၅ ဦးဖမ်းဆီးထား

ပေါက်တောမြို့နယ်မှ (၅) နှစ်အရွယ်မိန်းကလေးငယ်သတ်မှု ၅ ဦးဖမ်းဆီးထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများဖြစ်ကြသည် ဟု စောမဲကျီရွာမှ လူကြီး တစ်ဦးကပြောသည်။

“ သူတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မနေ့က ပေါက်တော ရဲစခန်းကို ခေါ်ဆောင်သွား ပါတယ်။ အခု ပေါက်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်” ဟု ယင်းက ဆိုသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးအဆက်အသွယ် မရရှိခဲ့ပါ။

မဇလပ်ဝါ (၅) နှစ်သည် ခမီး လူမျိုး ဦးရွှေမိ၊ ဒေါ်ဝါ၀ါဦးတို့၏ သမီးဖြစ်ပြီး နိုဝင်္ဘာလ ၁၇ ရက်နေ့ ညနေက ရွာထဲတွင် အခြား အပေါင်းဖေါ်များနှင့် ကစားနေစဉ် ပျောက်ဆုံးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်။

သူမ၏ အလောင်းအား နောက်တစ်နေ့ နံနက်တွင် မြုပ်နှံထားရာ မြေထဲမှ တူးဖေါ် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ပေါက်တော အခြေစိုက် ဗျုဟာမှ ဗျူဟာမှူးလည်း အခင်း ဖြစ်ပွားရာ စောမဲကျီ ကျေးရွာသို့ ရောက်ရှိလာပြီး စုံစမ်း စစ်ဆေးမေးမြန်းမူများ ပြုလုပ်သွားကြောင်း၊ ယင်းအပြင် နီးစပ်ရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းမှ လူအချို့ကိုလည်း စစ်ဆေးမူများ ရှိနေကြောင်း သိရသည်။

Most read this week