ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အသစ်ထပ်မံ ခန့်အပ်

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အသစ်ထပ်မံ ခန့်အပ်
by -
နိရဥ္စရာ

“လာဘ်ယူ၍ အာဏာအလွဲသုံးသည်”ဟု စွပ်စွဲခံရသော ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီ နှုတ်ထွက်ပြီးနောက် တစ်လမပြည့်မီ အချိန်တွင် ကျောက်ဖြူခရိုင် တရားသူကြီး ဒေါ်စန်းစန်းရီကို ပြည်နယ် တရား လွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်တွင် နိုဝင်ဘာလ ၁၉ ရက်က ဖော်ပြထားသည်။

ဒေါ်စန်းစန်းရီကို နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၄၉/၂၀၁၃ ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်ဟုလည်း   ရခိုင်ပြည် နယ် အစိုးရအဖွဲ့  ဥပဒေချုပ် ဦးလှသိန်း က မဇ္ဈိမကို ပြောသည်။

၄င်းက " နိုင်ငံတော်က သတ်မှတ်ထားတဲ့ အရည်ချင်းတွေလည်း ဒေါ်စန်းစန်းရီမှာရှိတယ် ။ နောက်ပြီး ရခိုင်ပြည် နယ်မှာ လစ်လပ်နေတဲ့ တရားစီရင်ရေးနေရာမှာ ဖြည့်ပြီး ခန့်အပ်လိုက်တာ ဖြစ်လို့ သဘောတူပါတယ် ။ မနက်ဖြန်ကြရင် ကတိသစ္စာပြုပြီးရင် စပြီး တာဝန်ထမ်းဆောင်ရပါတော့မယ်"ဟု ပြောသည်။

ပြီးခဲ့သော အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် တရားလွှတ်တော်  တရားသူကြီး ဒေါ်စီစီကို ပြည်နယ် လွှတ်တော်  ကိုယ်စားလှယ် ၁၄ ဦးက လာဘ်ယူ၍ အာဏာအလွဲသုံးသည်ဟု စွပ်စွဲထားပြီး ၄င်းကို သူ၏ ဆန္ဒအတိုင်း နှုတ်ထွက်ခွင့်ပြုခဲ့သည်ဟု အောက်တိုဘာလ ၂၂ ရက် နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၁ တွင် ပြည်နယ်တရားသူကြီး တစ်ဦးသည် နိုင်ငံတော် သစ္စာဖောက်ခြင်း၊ အခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း ၊ အရည်ချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးထားသည့် တာဝန်မကျေခြင်း စသည့် အချက် များ ဖြစ်ပေါ်ပါက  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက   စွပ်စွဲပြစ်တင်နိုင်ပြီး စွပ်စွဲချက်ကို သက်ဆိုင်ရာ  ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဟု ပါရှိသည်။

Most read this week