မောင်တောမြို့နယ်မှ မီးရှို့ခံ ဗုဒ္ဓဘာသာ ကျေးရွာများကို UNDP ကူညီ ထောက်ပံ့မည်

မောင်တောမြို့နယ်မှ မီးရှို့ခံ ဗုဒ္ဓဘာသာ ကျေးရွာများကို UNDP ကူညီ ထောက်ပံ့မည်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်း ၂၀၁၂ ခုနှစ်က မီးရှို့ဖျက်ဆီးခံခဲ့ရသော ရခိုင် ကျေးရွာများမှ မိသားစု တစ်စုကို အမေရိကန် ဒေါ်လာ ၁၅၀ နှင့် ညီမျှသော မြန်မာကျပ်ငွေများကို UNDP မှ ကူညီ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ယခုလ ၁၄ နှင့် ၁၅ ရက်အတွင်းက ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP မှ ကိုယ်စားလှယ် (၆) ဦးသည် မောင်တောမြို့နယ်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော ဗုဒ္ဓဘာသာ ကျေးရွာများသို့ ရောက်ရှိလာပြီး ဒေသခံ လူထုနှင့် တွေ့ဆုံကာ စာရင်းများ ကောက်ယူသွားခဲ့သည်ဟု ခရေမြိုင်ကျေးရွာသား တစ်ဦးက ပြောသည်။

“ အမေရိကန် ဒေါ်လာ ၁၅၀နဲ့ ညီမျှတဲ့ ကျပ်ငွေ တစ်သိန်းခွဲပေးမယ်လို့ ပြောသွားပါတယ်။ အဓိကတော့ ကြက်၊ ၀က်မွေးမြုရေး အတွက် ထောက်ပံ့ ကူညီမယ်လို့ ပြောဆိုသွားပါတယ်။ ရောက်လာတာက အမျိုသမီး နှစ်ဦး၊ အမျိုးသား လေးဦးပါ။ ကျနော်တို့ဆီမှာ သူတို့ (၂) ရက်တိတိ နေသွားကြပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်း (၆) ဦးပါ UNDP ကိုယ်စားလှယ် အဖွဲ့သည် ခရေမြိုင်ကျေးရွာ အအပါအဝင် ကိုင်းကြီး၊ သရေကုန် ဘောင်၊ ရွှေရင်အေး၊ ဝေသာလီ၊ မောရဝတီ၊ ကန်သာယာ စသည့်ကျေးရွာများသို့ သွားရောက်ခဲ့ကြသည်ဟု သိရသည်။

သို့သော်လည်း ယခုအချိန်ထိ ၎င်းအကူအညီများကို လက်ခံရရှိခြင်း မရှိသေးကြောင်း၊ UNDP သည် ယခင်ကလည်း ၎င်းကျေးရွာများရှိ မိသားစုများသို့ ကျပ်ငွေ တစ်သိန်းခွဲစီ ထောက်ပံ့ပေးမူများ ရှိခဲ့ကြောင်း သူက ဆိုသည်။

၂၀၁၂-ခုနှစ် ဇွန်လ ၈ရက်နှင့် ၉ ရက်နေ့ က မောင်တောမြို့နယ်တွင်  ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက် တိုက်ခိုက်မူ အတွင်း ဘင်္ဂလီ မွတ်ဆလင် အကြမ်းဖက်သူများ၏ လက်ချက်ကြောင့် ရခိုင်အိမ်ခြေပေါင်း ၅၅၂ ဆောင်၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ ၁ရုံ၊ အခြားအဆောက်အအုံ ၃၆ လုံးနှင့် ရခိုင် ရ ဦး အသတ်ခံခဲ့ရကာ လူပေါင်း ၅၀ နီးပါးခန့် ဒဏ်ရာ ရရှိခဲ့သည်။

Most read this week