ရခိုင်အမျိုးသားညီလာခံ ကျင်းပရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ပြောကြား

ရခိုင်အမျိုးသားညီလာခံ ကျင်းပရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ပြောကြား
by -
နိရဥ္စရာ

ရခိုင်အနာဂတ် ကံကြမ္မာအတွက် မှန်ကန်သော နိုင်ငံရေး လမ်းစဉ်များ ချမှတ်နိုင်ရန် အတွက် ရခိုင် အမျိုးသား ညီလာခံကို ကျင်းပသွားရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ထုတ်ဖေါ် ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လိုင်ဇာ ညီလာခံ အပြီး များမကြာသေးမီက မေးမြန်းသော အင်တာဗျူး တစ်ခုတွင် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က န်ိရဥ္စရာသို့ ထိုသို့ ထုတ်ဖေါ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

interv rktmtsoz NKK 021

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ် ထွန်းမြတ်နိုင်က  “ ပြည်တွင်းမှာ ရှိနေတဲ့ ခေါင်းဆောင်တွ၊ အမျိုးသမီးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ တခြား နေရာတွေမှာ ရောက်နေကြတဲ့ ပြည်တွင်း-ပြည်ပက ရခိုင်ပြည်သူတွေ၊ ခေါင်းဆောင်တွေ အားလုံး စုစုစည်းစည်းနဲ့ အမျိုးသား ညီလာခံကြီး တစ်ခု လုပ်ဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

ယင်းအပြင် သူက “ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အနေနဲ့လည်း တစ်ခြားလူမျိုးတွေလို ညီလာခံနဲ့ ပတ်သတ်ပြီး ဘုံသဘောတူညီချက်တွေကို စုစုစည်းစည်းနဲ့ချမှတ်ဖို့လိုနေတယ်။  ပြည်သူတွေကို ချပြနိုင်တဲ့  ရခိုင်အမျိုးသားတွေက တစ်ညီတစ်ညွတ်တည်း စုပေါင်း ချမှတ်ခဲ့တဲ့ ဘုံလမ်းစဉ်တွေကိုလည်း ကျွန်တော်တို့မှာ သတ်မှတ်ဖို့ လိုအပ်နေပါတယ်” ဟု ဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ရှိနေသဖြင့် အမြန်ဆုံး ရခိုင်အမျိုးသားများအားလုံး ကိုယ်စားပြု ပါ၀င်နိုင်သော ညီလာခံ တစ်ခုကို ကျင်းပပြီး ဘုံရပ်တည်ချက် သဘောထားမျိုး ချမှတ် လိုအပ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ပဋိပက္ခ တွေရှိနေတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ လိုအပ် နေတဲ့ လူထုနဲ့ နှီးနှောဖလှယ်ရမယ်။ ပြီးတော့ တခြားပြည်နယ်တွေမှာလို ညီလာခံနဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြဖို့ အချက်တွေ ကျွန်တော် တို့မှာ အများကြီးလိုနေ သေးတယ်” ဟု ပြောသည်။

ယခု မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနေဖြင့် ၎င်းတို့၏ လူမျိုးများနှင့် သက်ဆိုင်သော အမျိုးသားညီလာခံများကို ပြည်နယ်အသီးသီးတွင် ကျင်း ပြုလုပ်နေကြပြီး ၎င်းလူမျိုးတို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဘုံသဘောတူညီချက်များကို ရေးဆွဲ ချမှတ် နေကြသည်။

များမကြာမီက မွန်၊ ရှမ်း၊ ကရင်၊ ချင်းနှင့် ကယား စသည့် လူမျိုးများ၏ ညီလာခံများ ပြီးစီးသွားပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် များမကြာမီ ပင်လုံကဲ့သို့သော ပြည်ထောင်စု ကွန်ဖရင့် (ညီလာခံ)မျိုး ပေါ်ပေါက်ရန် အခြေအနေ ရှိနေရာ ထိုသို့ ပေါ်ပေါက်ပါက ၎င်းညီလာခံတွင် ၎င်းတို့၏ လူမျိုးများနှင့် သက်ဆိုင်သော နိုင်ငံရေး ရပ်တည်ချက်များ၊ လိုလားချက်များကို တင်ပြကြမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် စောစောပိုင်းက ချင်းမိုင်းမြို့တွင် ပြုလုပ်သော ပြည်တွင်း ပြည်ပ ရခိုင် နိုင်ငံရေး ပါတီများမှ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသား နှီးနှောဖလှယ်ပွဲတွင် ရခိုင်အမျိုးသား ညီလာခံကို ပြုလုပ်ရန် သဘောတူညီမူ ရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုထက်တိုင် ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week