KIA ဒုတိယ စစ်ဦးစီးချုပ် နိုင်ငံကူးလက်မှတ် လုပ်ရန် ဦးအောင်မင်းနှင့် တွေ့ဆုံ

KIA ဒုတိယ စစ်ဦးစီးချုပ် နိုင်ငံကူးလက်မှတ် လုပ်ရန် ဦးအောင်မင်းနှင့် တွေ့ဆုံ
by -
မဇ္ဈိမ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆလွတ်ဂွမ်မော်သည် ရန်ကုန်မြို့သို့ ပထမဦးဆုံးအကြိမ်ဖြစ် လာရောက်ကာ နိုဝင်ဘာလ ၁၈ ရက် နံနက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ၊ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာတတိယပတ်အတွင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန် ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအတွက်ပင် ၀န်ကြီးဦးအောင်မင်းနှင့် နံနက် ၈နာရီမှ ၉နာရီခန့်အထိ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ယခုတစ်ကြိမ် ချင်းမိုင်မြို့သို့ သွားရောက်ခြင်းသည် မြန်မာ့နိုင်ငံရေးကိစ္စများ ဖြေရှင်းရန် သွားရောက်ခြင်းဖြစ်ရာ အခြားသောနိုင်ငံမှ ပတ်မသွားလိုဘဲ မြန်မာနိုင်ငံတွင်းမှသာ သွားလိုသဖြင့် ယခုကဲ့သို့ ဝန်ကြီးဦးအောင်မင်းနှင့် ဆွေးနွေးရခြင်းဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက ပြောဆိုသည်။

ဗိုလ်ချုပ် ဂွမ်မော်သည် နို၀င်ဘာလ ၁၇ ရက်တွင် မြစ်ကြီးနားမြို့မှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင် နှစ်ရက်ကြာ နေထိုင်မည်ဟုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
ကပြောသည်။

ဗိုလ်ချုပ်ဂွမ်မော်နှင့် အတူ ဗိုလ်ချုပ်လအောင်၊ ဗိုလ်ချုပ်စင်ဟွာတို့ လိုက်ပါလာပြီး ချင်းမိုင်ဆွေးနွေးပွဲသို့ သွားရန် အစိုးရဘက်မှ နိုင်ငံကူးလက်မှတ်အားအဆင့်ဆင့် တာဝန်ယူလုပ်ဆောင်သွားမည်ဟု ဦးလှမောင်ရွှေက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

အစိုးရနှင့် ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူရန် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များညီလာခံကို အောက်တိုဘာလ ၃၁ရက်မှစကာ လေးရက်တာ ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကေအိုင်ကေက ဦးစီးကာ လုပ်ဆောင်ခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့တွင်လည်း အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ နိုဝငဘာလ ၄ရက်တွင် တွေ့ဆုံခဲ့ကြသေးသည်။ ယင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒုတိယအကြိမ် ထပ်မံဆွေးနွေး ဦးမည်ဖြစ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲ မတိုင်မီတွင် အစိုးရ၊ နိုင်ငံရေးပါတီ ၁၂ ပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပထမဦးဆုံးအကြိမ်အဖြစ် နိုဝင်ဘာ တတိယအပတ်တွင် ချင်းမိုင်၌ တွေ့ဆုံမည်ဖြစ်သည်။

Most read this week