မောင်တောတွင် အိုအိုင်စီအဖွဲ့က နှစ်ဘက် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံ

မောင်တောတွင် အိုအိုင်စီအဖွဲ့က နှစ်ဘက် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိလာသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံ ရခိုင် အမျိုးသားများ ကန့်ကွက်ဆန္ဒပြခဲ့ကြသော်လည်း ၎င်းအဖွဲ့သည် မူလ အစီအစဉ်အတိုင်း နှစ်ဘက် လူမူ အသိုင်းအဝိုင်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားခဲ့သည်ဟု သိရသည်။

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့သို့ရောက်ရှိလာပြီး သူတို့အဖွဲ့ အား မောင်တောမြို့ခံ ရခိုင်လူမျိုး ၂၀၀၀ ခန့်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း မောင်တောမြို့ ဗဟိုကျောင်းဆရာတော်က ပြောသည်။

စစ်တွေတွင် ယနေ့ အိုအိုင်စီကိုယ်စားလှယ် အဖွဲ့ကို ယခုလို ဆန္ဒပြခဲ့ကြသည်။ ( ဓါတ််ပုံ – နိရဥ္စရာ)

“ သူတို့ ဘောလုံးကွင်းကနေ ကားနဲ့လာတဲ့ အချိန်မှာ ဦးဇင်းတို့ လူပေါင်း ၂၀၀၀ ခန့်က ဆိုင်းဘုတ်တွေ၊ ပိုစတာတွေကို ကိုင်ပြီး ဆန္ဒပြ ကန့်ကွက်ကြပါတယ်။ သဇင်တည်ခိုခန်း ရှေ့ကနေပြီး ဆေးရုံးအနီး အထိဘဲ။  ဆန္ဒပြတဲ့ လူကများတော့ လူတန်း ရှည်ဖြစ်သွားပါတယ်” ဟု ဆရာတော်က ဆိုသည်။

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့သည်  ရဟတ်ယာဉ် နှစ်စီးဖြင့် မောင်တောမြို့ ဘောလုံးကွင်းတွင် ဆင်းသက်ပြီး ယင်းမှ တစ်ဆင့် လုံးခြံုရေးတပ်ဖွဲ့ဝင်များ အစောင့်အရှောက်ဖြင့် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်ခဲ့ကြသည်ဟု သိရသည်။

အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်မြို့မိမြို့ဘ ၂၀ ဦး၊ ဘင်္ဂလီလူကြီး ၂၀ ဦးပါ၀င်သည့် အဖွဲ့နှင့် တနာရီ ကျော်ကြာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးခဲ့ပွဲပါ၀င်ခဲ့သူ မောင်တော မြို့မှ မြို့မိမြို့ဖ တစ်ဦးက “သူတို့ (OIC) ဘက်က ပြောတာကတော့ ပဋိပက္ခဖြစ်ခဲ့တဲ့အကြောင်းနဲ့ နောက်ထပ် ပဋိပက္ခမဖြစ်ဘဲ အရင်က လို နှစ်ဘက်ညှိနှိုင်းအတူ ယှဉ်တွဲနေ ထိုင်ကြဖို့ ပြောပါတယ်။ ကျွန် တော်တို့ တင်ပြ တာကတော့ UN အပါအဝင် နိုင်ငံတကာ အန်ဂျီအိုတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံခံရ တယ်ဆိုတဲ့ အကြောင်းတွေကို တင် ပြပါတယ်။ ဘင်္ဂလီဘက်က တက်လာတဲ့ သူတွေကတော့ ပြဿနာ ဖြစ်ပွားခဲ့တဲ့ အထဲမှာ သူတို့မပါတဲ့ အကြောင်းနဲ့  မသိနားမလည်တဲ့ သူတွေကြောင်း အခုဖြစ်သွားရတာ ဆိုတဲ့ အကြောင်းရယ်။  ပဋိပက္ခမဖြစ်ပွားမီ အရင်ကလို အတူ ယှဉ်တွဲ နေချင်တယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြပါတယ်။ အာဏာပိုင်တွေဘက်ကိုလည်း လုံခြံုရေး ချပေးဆိုတဲ့ အကြောင်းတွေကို သူတို့ဘက်က တောင်းဆိုကြပါတယ်။”ဟု ပြောသည်။

၎င်းကိုယ်စားလှယ် အဖွဲ့သည် နေ့လည် ၁ နာရီကျော်တွင် ဘုတ်ဆိပ်ရှိ ကုန်သည်ကြီးများပိုင် ဒေဝါနဒီ ခန်းမတွင် နေ့လည်စာ စားသောက်ပြီး နေ့လည် ၂ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွား ကြောင်း သိရသည်။

Most read this week