ဘင်္ဂလာဒေချ့်က နယ်စပ်ပိတ်မည်ဆိုသော်လည်း ၀င်ထွက်သွားလာမှု ဆက်ရှိနေဆဲ

ဘင်္ဂလာဒေချ့်က နယ်စပ်ပိတ်မည်ဆိုသော်လည်း ၀င်ထွက်သွားလာမှု ဆက်ရှိနေဆဲ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်  နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီမှ မြန်မာနှင့် ဆက်စပ်နေသော နယ်စပ်ကိ်ု ပိတ်မည်ဟု သူ့နိုင်ငံ၏ ပါလီမန်တွင် လွန်ခဲ့သော ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုသော်လည်း နယ်စပ်တွင် တရားမဝင် ၀င်ထွက်သွားလာမူများ ဆက်လက် ရှိနေဆဲဟု သိရသည်။

“ ပိတ်တာကို မတွေ့ရသေးဘူး။ ဟိုဘက် ဒီဘက် လှေတွေနဲ့ နတ်မြစ်ကို ဖြတ်ကူးပီး သွားလာနေကြတုန်း ဖြစ်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ဆိုသည်။

လွန်ခဲ့သော ကြာသပတေးနေ့က ဘင်္ဂလာဒေချ့် ပါလီမန်တွင် လွှတ်တော် အမတ် တစ်ဦးက မြန်မာနိုင်ငံက ၀င်ရောက်နေသော မွတ်ဆလင် ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ၀န်ကြီးအား မေးမြန်းရာ ဒီပူူရ်မူူနီက မြန်မာနယ်စပ်ကို ပိတ်ရန် အစိုးရကစီစဉ် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

၎င်းအပြင် ဌာနပေါင်းစုံ ပါ၀င်သော အဖွဲ့မှ  မြန်မာနိုင်ငံက တရားမဝင် ၀င်ရောက်လာသူများအား စစ်ဆေး သွားမည် ဖြစ်သလို သူတို့အား အိမ်ဌားရမ်းသူ ဘင်္ဂလာဒေချ့် နိုင်ငံသားများအားလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သူမကဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့် ဘင်္ဂလားဒေချ့်သို့ မြန်မာဘက်က ထွက်ပြေး ၀င်ရောက်လာသူများလာသဖြင့် နယ်စပ်ကို ပိတ်မည်ဟု သူမက ဆက်ပြော ဆိုသည်။

ဘင်္ဂလားဒေချ့် နိုင်ငံ အနေဖြင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဆော်ဒီအရေဗီးယား အပါအဝင် အစ္စလာမ်မစ် နိုင်ငံများ၏  ဖိအားပေးမူများကိုလည်း ခံနေရသည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေချ့် အကြား ရေမိုင်နယ်နမိတ်မှ မိုင် ၄၀ ခန့်ရှိပြီး ကုန်တွင်းမိုင် နယ်နမိတ်မှာ ၁၃၁ မိုင်ရှိကြောင်း၊ သို့အတွက် နယ်စပ်ကို ပိတ်မည်ဟု ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးက ပြောသော်လည်း လက်တွေ့တွင် လွယ်ကူနိုင်မည် မဟုတ်ဟု နယ်စပ်လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

မြန်မာဘက်မှလည်း နယ်စပ်တွင် တရားမဝင် ၀င်ထွက်သွားလာမူနှင့် မှောင်ခို လုပ်ငန်းများကို တားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ် တလျှောက် သံဆူးကြိုး ခြံစည်းရိုးများ ကာရံနေရာ အခုအခါ မိုင်ပေါင်း (၅၃) ခန့်သာ ကာရံရန် ကျန်ရှိတော့သည်ဟု သိရသည်။

မြန်မာဘက်မှ ခြံစည်းရိုးကာရံထားသော်လည်း တရားမဝင် ၀င်ထွက်သွားလာသူများကို ထိရောက်စွာ ဟန့်တားနိုင်ခြင်း မရှိသေးဟု ဆိုသည်။

ဘင်္ဂလားဒေချ့်နှင့် မြန်မာ အကြား မောင်တော နယ်စပ်မှ တဆင့် ဖြတ်ကျော် ၀င်ရောက် သွားလာနိုင်သလို ပင်လယ်ကြောင်းမှလည်း လှေ၊ သမ္ပာန်၊ မော်တော်ဘုတ်၊ သဘောင်္များဖြင့် ၀င်ရောက်သွားလာနိုင်သည်။

Most read this week