သျှမ်းပြည်မြောက်ပိုင်းတပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ဖြစ်

သျှမ်းပြည်မြောက်ပိုင်းတပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ဖြစ်
by -
သျှမ်းသံတော်ဆင့်

 သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ နှင့် အစိုးရတပ်တို့ နှစ်ရက်ဆက် တိုက် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ပြောသည်။

နိုဝင်ဘာ ရ ရက်နေ့က အစိုးရတပ်ပူးပေါင်းစစ်ကြောင်းက ကွတ်ခိုင်မြို့နယ်  နမ့်ဖတ်ကာကျေးရွာ အနောက်ဘက် ၆ မိုင်ခန့်ဝေးသည့် ကောင်းလော့ရွာ အနီးတွင် တိုင်းရင်းသားတပ်ပေါင်းစု နှင့် ရင်ဆိုင် တိုက်ခိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ဘက်ဒဏ်ရာအနည်းငယ်ရတယ်။ တအာင်းဘက် ၂ ယောက်က ဒဏ်ရာနည်းနည်းပြင်း ထန် တယ်။ ဗမာတပ်ဘက်တော့မသိဘူး၊ သူတို့ကစစ်ကြောင်းသုံးကြောင်းပေါင်းပြီး နှစ်ဘက်ညှပ် တိုက်တာ၊ ကျနော်တို့တွေနေရာကောင်းယူထားတော့ တိုက်ပွဲကကြာသွားတာ။ ကျနော်တို့ ဆုတ်တယ်၊ သူတို့က လိုက်တိုက်တယ်။ နေရာကောင်းရရင် ပြန်ခံချတယ်။ တိုက်ပွဲက ဆက်တိုက်ပဲ” - ဟု ဒေသ အတွင်းလှုပ်ရှားသည့် သျှမ်းတပ်အရာရှိတဦးကပြောသည်။

ထို့အတူ နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ မှ ၅ နာရီကျော်အထိ အဆိုပါ တပ်နှစ်ဘက်များ ပင်လျှင် နမ့်ဖတ် ကာကျေးရွာအုပ်စု အနောက်ဘက် မိုင် ၂၀ ကျော်ဝေးသည့် မန့်နှိုင်းလုံကျေးရွာအနီး ရင်ဆိုင်တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်ဟု နမ့်ဖတ်ကာရောက်ဒေသခံများကပြောသည်။

“ဒီလိုပါပဲ စစ်သားဆိုတော့ ရွာထဲဝင်ရင် ဟိုဟာနည်းနည်း ဒီဟာနည်းနည်း တောင်းယူတတ်ပါတယ်။ ငြုပ်သီးတွေ ဟင်းသီးဟင်းရွက်တွေ၊ ကြက်တွေ ဝတ်တွေယူစားရင်တော့ စီးပွားရေးထိခိုက်တာပေါ့၊ သူတို့တွေလဲ ရှေ့တန်းတက်ချင်တဲ့ပုံမပေါ်ပါဘူး။ အထက် အမိန့်မလွန်ဆန်နိုင်တဲ့ပုံ၊ တက်သွားတော့ အကောင်း ပြန်လာတော့ ဒဏ်ရာတွေနဲ့ပေါ့ သေတဲ့သူလဲ ရှိတယ်ပြောတယ်” -  ဟု နမ့်ဖတ်ကာရောက် ဒေသခံ (ဦး)လုံးအိုက်ဆိုင်(က်) ကပြောသည်။

နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ် နှင့် သိန္နီမြို့နယ်တို့ ဆက်စပ်ကြားဒေသအတွင်း သျှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA  ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ ပူးပေါင်းလှုပ်ရှားနေပြီး အစိုးရတပ်မှာမူ ဒေသကွပ်ကဲ ရေးစစ်ဌာနချုပ် (လောက်ကိုင်) ၊ စစ်စင်ရေးကွပ်ကဲမှု ဌာနချုပ် (သိန္နီ) စကခ ၁၆ နှင့် ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ တပ်ရင်း များ လှုပ်ရှားနေသည်ဟုသိရသည်။