ကျောက်မီးသွေးကြောကြောင့် စိုက်ပျိုးမြေ ပိုမိုနည်းပါးလာမည်ကို ဒေသခံများစိုးရိမ်

ကျောက်မီးသွေးကြောကြောင့် စိုက်ပျိုးမြေ ပိုမိုနည်းပါးလာမည်ကို ဒေသခံများစိုးရိမ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ၌ ကျောက်မီးသွေး ထွက်ရှိသဖြင့် လာရောက် တူးဖော်ပါ က စိုက်ပျိုးမြေ စားကျက်မြေများ ပိုမိုနည်းပါးလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများပြောကြားချက် အရ သိရှိရပါသည်။

“ဂက်စ်ပိုက်လိုင်းကြောင့် ပြည်သူတွေ လယ်ယာမြေဧက အများကြီး ဆုံးရှုံးပြီးပြီ။ အခု ကျောက်မီး သွေးတူးဖို့ စိုင်းပြင်းနေကြတယ်။ စိုက်ပျိုးမြေတွေ စားကျက်မြေတွေ ပိုပြီးနည်းလာနိုင်တယ်။ နောက်ပြီး ကျောက်မီး သွေးကြောက ရွာအောက်မှာလည်း ရှိနိုင်တယ်။ ဒါကြောင့် ရွာရွှေ့ပြောင်း ခိုင်းတာတွေလည်း ရှိလာနိုင်တယ်” ဟု မိုင်းဝီးဒေသခံ ဦးလ က ပြောပါသည်။

mong-wee

နမ့်ခမ်းမြို့တောင်ဘက် မိုင်းဝီးဒေသ မန်ဟွန်းကျေးရွာအုပ်စု ပန်ကနိုင်းရွာနှင့် မန်ဟွန်းရွာကြားရှိ သပ်တင် ချောင်း(ပိုက်လိုင်း ဖြတ်သန်းသွားသည့်နေရာအနီး)၌ ကျောက်မီးသွေး ထွက်ရှိကြောင်း၊ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ရန် ဟိုင်းလုံ ကုမ္မဏီက နိုင်ငံတော် အစိုးရထံ လုပ်ကိုင်ခွင့် ပါမစ် တောင်းထားကြောင်း၊ ချောင်းတစ်ဘက်လျှင် မြေဧက ၂၀၀ သိမ်းဆည်းမည်ဖြစ်ကြောင်း ဆိုပါသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၁၂ ရက်၌ ဟိုင်းလုံကုမ္မဏီ ဥက္ကဋ္ဌ ဦးဝင်းဆန်းက ပန်ကနိုင်းရွာခံများ အား လာရောက်စည်းရုံးကြောင်း၊ ကျောက်မီးသွေး လာရောက်တူးဖော်ရန် သဘောတူကြောင်း ဒေသခံအယောက် ၃၀ ခန့် လက်မှတ်ထိုးပေးလိုက်ကြောင်း ခေတ်ပညာတတ် မိုင်းဝီးလူငယ် တစ်ဦးက ပြောပါသည်။

“ပန်ကနိုင်းရွာခံတွေက နားမလည်ပဲနဲ့ လက်မှတ်ထိုးပေးလိုက်ကြတယ်။ လက်မှတ်ထိုးခ တယောက် ကို ကျပ်တစ်သောင်းပေးတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ မူးယစ်ဆေးဝါးသုံးစွဲသည့် ဒေသခံများအား လက်မှတ် ထိုးပေးရန် မူးယစ်ဆေးဝါးများ(ဘိန်းဖြူနှင့်ယာဘ) ပေးဝေမှုရှိကြောင်း ပြောသည်။

မန်ဟွန်းကျေးရွာအုပ်စု၌ မန်ဟွန်း၊ ဝိန်းမွန်း၊ လုံခြုံ၊ ပန်ကနိုင်း၊ ပန်ခါးနှင့် လွယ်ကြိမ်ရွာများ ပါဝင် ကြောင်း၊ ရွာသေး အိမ်ခြေ ၃၀ ခန့်၊ ရွာကြီး အိမ်ခြေ ၈၀ ခန့် ရှိကြောင်း သိရပါသည်။

Most read this week