မြန်မာနိုင်ငံအဝန်း လျှပ်စစ်ဓာတ်အားခွဲစက်ရုံပေါင်း ၃၀၀ နီးပါးကို သုံးနှစ်အတွင်း ထပ်မံ တည်ဆောက် သွားမည်ဖြစ်သည့်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေဒေါ်လာ သန်း ၆၀ ချေးယူခွင့်ပြုရန် သမ္မတက နိုဝင်ဘာ ရ ရက်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် သဝဏ်လွှာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေး မှူးဦးစောလှထွန်းက နို၀င်ဘာ ရ ရက်နေ့တွင် ဖတ်ကြား တင်သွင်းရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ စက်ရုံပေါင်း ၂၈၁ ရုံကို တည်ဆောက်သွားမည်ဟု ပါရှိခဲ့သည်။
အသစ်တည်ဆောက်မည့် ဓာတ်အားခွဲစက်ရုံများသည် မကွေးတိုင်းတွင်ဖြစ်ပြီး စုစုပေါင်း ၁၀၈ ရုံ ဖြစ် သည်။ အလားတူ မန္တလေးတိုင်းတွင် ၉၃ ရုံနှင့် ရန်ကုန်တိုင်းတွင် ၄၄ ရုံ၊ စစ်ကိုင်းတိုင်းတွင် ၃၆ ရုံ အသီး သီး တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းများ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် AGB မှ ချေးငွေ အမေရိကန်ဒေါ် လာ သန်း ၆၀ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီး အစည်းအဝေးက အတည်ပြု ပေးသည်။
အလားတူ ဓာတ်အားလိုင်းသစ်များကိုလည်း တိုးချဲ့တပ်ဆင်သွားရန်ရှိပြီး ရန်ကုန်တိုင်းတွင် ၃၃၄ ကီလိုမီ တာ၊ မန္တလေးတိုင်းတွင် ၂၂၈ ကီလိုမီတာ၊ စစ်ကိုင်းတိုင်းတွင် ၉၁ ကီလိုမီတာ၊ မကွေးတိုင်းတွင် ၁၇၈ ဒဿမ ၂ ကီလိုမီတာ သွယ်တန်းသွားမည်ဟု သဝဏ်လွှာတွင် ပါ၀င်သည်။
AGB ၏ အဆိုပါ ချေးငွေပမာဏကို ဆိုင်းငံ့ကာလ ရှစ်နှစ်ပေးထားပြီး ၂၄ နှစ်အတွင်း ပြန်လည် ပေးဆပ် ရမည်ဟု သတ်မှတ်ထားသည်။ အတိုးနှုန်းကိုမူ ဆိုင်းငံ့ကာလအတွင်း ၁ ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်ပြီး ကျန်ကာလအတွင်း ၁ ဒဿမ ၅ ရာခိုင်နှုန်းပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အနည်းဆုံး ဖြစ်သည်။ နိုဝင်ဘာ ၆ ရက်ကလည်း အစိုးရမှ လျှပ်စစ်သုံးစွဲခများ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက် ဆန္ဒ ပြမှုများ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသေးသည်။
လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လေ့ရှိသည့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကလည်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပုသိမ်၊ ပြည်၊ မုံရွာ အစရှိသည့်မြို့များတွင် ဖယောင်တိုင်မီးထွန်းညှိကာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်တွင်လည်း ရန်ကုန်စက်မှုဇုန်များတွင် လျှပ်စစ်မီး ဖြတ်တောက်မှုများ ရှိနေခြင်း ကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။