ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်သူများအကြား လူထုဆွေးနွေးမှုများပြုလုပ်လျှက်ရှိပြီး ချင်းတောင်တွင် ဆွေးနွေးပွဲရလာဒ်များအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားသည်ဟု လူထုက တုံ့ပြန်ကြောင်း CNF အဓိပတိကောင်စီ သဘာပတိ အဖွဲ့ဝင် ဦးလော်မာက မဇ္ဈိမကို ပြောသည်။
“လူထုဆန္ဒကို လိုက်ကောက်ယူတာ၊ လူထုကို မေးခွန်းကို ပေးတယ်။ ဖက်ဒရယ်၊ ဒီမိုကရေစီကို ရှင်းပြတယ်။ လူထုနဲ့ အမေးအဖြေတွေ လုပ်တယ်။ ဥပမာ မေးခွန်းတွေထဲမှာ ဖက်ဒရယ်၊ တစ်ပါတီစနစ်၊ ဘုရင်ခံစနစ် စတာတွေထဲက ဘာကြိုက်လဲဆိုတာကို လူထုကို မေးခွန်းစာရွက်ဝေငှပြီးတော့ လွတ်လွတ်လပ်လပ် ဖြေနိုင်တယ်။ အချက် ၄၀လောက် မေးခွန်းထုတ်ထားတယ်။ ချင်းတောင်ဘက်က ရလာဒ်တွေမှာ လူထုက ဖက်ဒရယ်ကို ထောက်ခံတာတွေ့ရတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါ လူထုတွေ့ဆုံပွဲများကို စစ်ကိုင်းတိုင်း ကလေး-ကဘော်ဒေသ ရှစ်မြို့နယ်၌လည်း နိုဝင်ဘာလ ၁ ရက်မှ ၆ရက်အထိ ကျင်းပခဲ့ပြီး ရလာဒ်ကိုမူ စိစစ်ရခြင်းမရှိသေးဟု ဦးလော်မာက ပြောသည်။
ဆွေးနွေးပွဲများကို ချင်းလူထုက စိတ်ဝင်တစားရှိကြပြီး နိုဝင်ဘာလ ၅ ရက်က စစ်ကိုင်းတိုင်း တာဟန်းမြို့တွင် ကျင်းပခဲ့စဉ်ကလည်း ခန့်မှန်းထားသည်ထက် လူဦးရေပိုမိုများပြားစွာ တက်ရောက်လာကြောင်း ဦးလော်မာက ဆိုသည်။
ချင်းအမျိုးသားတပ်ဦး CNF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါ၀င်ခဲ့သည့် ချင်းကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် ၂၅ နှစ်ကျော်ကြာ အခြေစိုက်လှုပ်ရှားခဲ့သည်။
ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။