စစ်တွေ လူမှုကွန်ယက် အစည်းအဝေး အန်ဂျီအိုများကိစ္စ အဓိက ဆွေးနွေး

စစ်တွေ လူမှုကွန်ယက် အစည်းအဝေး အန်ဂျီအိုများကိစ္စ အဓိက ဆွေးနွေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရခိုင်အမျိုးသမီးတစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်လူမှုကွန်ယက်က စစ်တွေမြို့တွင် နိုဝင်ဘာ ၅ ရက်နေ့၌ ပြုလုပ်ခဲ့ရာ ရခိုင်အခြေစိုက် အန်ဂျီအိုများကိစ္စကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကိုယ်တိုင်တက်ရောက်ခဲ့သူ စည်းကမ်းထိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့မှ အရှင်ပညာသာမိက “ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဆင်တက်မော်ကိစ္စမှာ ဘင်္ဂလီတွေက အဲဒီမှာ ရှိနေတဲ့ အန်ဂျီအိုတွေဆက်သွယ်ပြီး သူ့တို့ လူတွေကို ဆေးရုံတင်ဖို့တောင်းဆိုတဲ့အခါ  ကူညီပြီး ဆေးရုံကိုပို့တယ်။ ဦးဇင်းတို့ ရခိုင်တိုင်းရင်း သားတွေဘက်က အကူညီတောင်းတဲ့အခါ အကူအညီ မပေးတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်အခြေစိုက်တဲ့ အန်ဂျီအိုတွေရဲ့ ရပ်တည်ချက်နဲ့ သူတို့ လူပ်ရှားနေတဲ့ အပိုင်းနဲ့ အဓိကထား ဆွေးနွေးကြတာပါ” ဟု ဆိုသည်။

sit dwe

၎င်းအပြင် ရခိုင်ပြည်နယ် အတွင်း အခြေစိုက်သော အန်ဂျီအိုများသည် သတင်းအမှားများကို ထုတ်လွှင့်ပြီး နိုင်ငံတော် အစိုးရကို နာမည်ပျက်အောင် ကမ္ဘာတွင် လိမ်လည်မူများ ရှိနေသည်ဟု ဦးဇင်းက ဆိုသည်။

“ဦးဇင်းတို့ ပြည်သူတွေ မြင်တာက မြန်မာအစိုးရနဲ့ ရခိုင်ပြည်သူတွေဟာ  မူဆလင်တွေကို ဖိနှိပ်တယ်ဆိုတဲ့ သဘောမျိုး ပြည်ပရောက် ဘင်္ဂလီအရေး လူပ်ရှားသူတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ ပေါင်းပြီး ကမ္ဘာကို လိမ်လည် နေကြတယ်လို့ မြင်တယ်။ ဒါကြောင့် ဦးဇင်းတို့ အန်ဂျီအိုတွေကို အစိုးရက စနစ်တကျ ကိုင်တွယ်ဖို့လိုတယ်လို့ မြင်တယ်။  ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးဖို့ လိုတယ်လို့ ဦးဇင်းတို့ တောင်းဆို ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။

များမကြာမီကလည်း ရန်ကုန်အခြေစိုက် ပြည်ပ သတင်းဌာနအချို့နှင့် ရခိုင်အခြေစိုက် အန်ဂျီအိုများက ရခိုင်ပြည်နယ်အခြေစိုက်သော အစ္စလာမ်ဘာသာဝင် ၁၅၀၀ ခန့်သည် ခနော်ခနဲ့လှေများဖြင့် များမကြာမီက ရခိုင်ပြည်နယ်က ထွက်ခွာလာခဲ့ကြသည်ဟု ဖေါ်ပြရုံသာမက လူပေါင်း (၇၀) ရေနစ်သေဆုံးခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

သို့သော်လည်း ၎င်းသတင်းကို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကမူ အတည်မပြုနိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုထားသည့်အပြင် နိုင်ငံတကာ အန်ဂျီအိုများက ပြောဆိုသော မူလ ထွက်ခွာရာ စစ်တွေ အုန်းတောကြီးနှင့် သဲချောင်းသို့ သွားရောက် စုံစမ်းရာတွင်လည်း ထိုကဲ့သို့ ထွက်ခွာသွားသူရှိသည်ဟု သတင်းမရရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်ဟု ဦးဇင်းက ဆိုသည်။

နို်င်ငံတကာ NGO များ ကိစ္စသာမက မကြာမီ မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ် ရခိုင်ပြည်နယ်ကို လာရောက်မည့် ကိစ္စများကိုလည်း ဆွေးခဲ့ကြကြောင်း ဦးပညာသာမိက ဆက်ပြောသည်။

ဦးပညာသာမိက “စစ်တွေမြို့ပေါ်မှာ အိမ်းငှားပြီးလှုပ်ရှားနေတဲ့ NGO တွေ မသိနားမလည်တဲ့ ကိုယ်ဝန်ဆောင် ရခိုင်အမျိုးသမီးတွေကို ဆေးကုပေးမယ်ဆိုပြီး ကိုယ်ဝန်ဖျက်ချ ဆေးတွေပေးပြီး မကောင်းမှုတွေကို လုပ်နေကြ တဲ့ကိစ္စ၊ နောက်ပြီး မြန်မာနိုင်ငံကို OIC က ဒီလ ၁၃ ရက်နေ့မှာလာမယ်။ ၁၄ ရက်နေ့မှာ ရခိုင်ကိုလာမယ်လို့ ကြားရ တယ်။ အဲဒီပုဂ္ဂိုလ် ရခိုင်ပြည်ကိုလာတဲ့အချိန်မှာ ဦးဇင်းတို့ ဆန္ဒထုတ်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်” ဟု မိန့်ဆိုသည်။

ဆွေးနွေးပွဲကို စစ်တွေမြို့ ကျောင်းတက်လမ်းရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တု့ံပြန်ငြင်းဆိုသည်ဟု မဇ္ဇျိမသတင်းတွင် ယနေ့ဖေါ်ပြသည်။

Most read this week