ဖွဲ့စည်းပုံတွင် တိုင်းရင်းသားအရေးကာကွယ်ရန်အချက်များ ထည့်သွင်းရန် NBF ကြိုးပမ်းမည်

ဖွဲ့စည်းပုံတွင် တိုင်းရင်းသားအရေးကာကွယ်ရန်အချက်များ ထည့်သွင်းရန် NBF ကြိုးပမ်းမည်
by -
မဇ္ဈိမ

တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရန်အချက်များ ဖွဲ့စည်းပုံတွင် ပါ၀င်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Bother-hoods Federation) ဒါရိုက်တာ ဒေါ်ချင်းသင်းက မဇ္ဈိမကို ပြောသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပြီးနောက် တိုင်း ရင်းသားအခွင့်အရေး စောင့်ရှောက်မှုဆိုင်ရာအားနည်းမှုများကို တွေ့ရှိခဲ့ပြီး ယင်းကို အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“၂၀၀၈ မှာ တိုင်းရင်းသားတွေ အနေနဲ့မျှ တမှုမရှိတဲ့အပိုင်းတွေကို ရသင့်ရထိုက်တာတွေကို ရနိုင်ဖို့ရယ် အရင်တုန်းက ခံခဲ့ရတာတွေကို ကာကွယ်ဖို့ ဆိုတဲ့အချက်တွေကို တင်သွင်းသွားမယ်” ဟု ဒေါ်ချင်းသင်းက ရှင်းပြသည်။

အလုပ်ရုံဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေလေ့လာ သုံးသပ် ရေးပူးပေါင်းကော်မတီသို့ အကြံပြုမည် သို့မဟုတ် လွှတ်တော်များအတွင်းရှိ ပါတီဝင်ကိုယ်စား လှယ်များကို အဆိုအဖြစ် တင်သွင်းစေမည်စသဖြင့် မည်သည့် နည်းလမ်းအသုံးပြုမည်ကိုမူ ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း သိရသည်။

ဆွေးနွေးမှုများအရတင်ပြရန် အချက်များကို မူကြမ်းရေးဆွဲထားပြီး ယင်းတွင် တိုင်းရင်းသားများအတွက် စစ်မှန်သည့် ဖက်ဒရယ်လစ်ဆင်နှင့် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် တိုင်းရင်းသား များ ပိုမိုပါ၀င်ခွင့်ရရန် ဥပဒေအဖြစ် ပြဋ္ဌာန်းလိုသည့်အချက်များ ပါ၀င်သည်ဟုသိရသည်။

ယင်းတို့တွင်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်သူလူထုက ရွေးချယ်ခွင့်မရဘဲ နိုင်ငံတော်သမ္မတအား တိုက်ရိုက်ခန့်ခွင့်အာဏာပေးအပ်ထားခြင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေး ရမည်ဟု ပါ၀င်သော်လည်း လက်တွေ့ ဆောင်ရွက်နိုင်မှုမရှိခြင်းတို့နှင့် သက်ဆိုင် သည့် ပြဋ္ဌာန်းချက်များဖြစ်သည်ဟု ဒေါ်ချင်းသင်းက ဆိုသည်။
 
“ဥပမာအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတကနေ ရွေးတာမျိုးမဟုတ်ဘဲ ပြည်နယ်လူထုရဲ့ဆန္ဒရဲ့ ရွေး ချယ်တာမျိုး ဖြစ်ဖို့ အခြေခံဥပဒေမှာပြင်ချင်တယ်။ ပညာရေးပိုင်းဆိုရင်လည်း တိုင်းရင်း သားတွေရဲ့ ကိုယ် ပိုင်ယဉ်ကျေးမှု ဘာ သာစကားထိန်းသိမ်းကာကွယ်ဖို့ကို လက်ရှိအခြေခံဥပဒေမှာပါပေမယ့် မဖော်ဆောင် နိုင်ဘူး ဖြစ်နေတယ်။ ဒါတွေကို တိတိကျကျဆောင်ရွက်နိုင်မယ့် အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းလိုတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု လွှတ်တော်၌လည်း တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက် ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေပြီး တတိယမူကြမ်းရေးဆွဲသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ပြီးခဲ့သည့်လအတွင်း ပြုလုပ်သည့် ရခိုင်မိသားစုတွေ့ ဆုံပွဲတွင်ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော်က ယင်းသို့ ဥပဒေတစ်ရပ်အဖြစ်ပြဋ္ဌာန်းရန် ကြိုးပမ်းနေပြီဖြစ်သော်လည်း တိုင်း ရင်းသား အခွင့်အရေးကို အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ထည့် သွင်းပြဋ္ဌာန်းနိုင်မှာသာ အာမခံနိုင်မည်ဟု ယုံကြည်ကြောင်း ညီ နောင်တိုင်းရင်းသားပါတီများဖက်ဒရေး ရှင်းတွင်ပါ၀င်သည့် ချင်းအမျိုးသားပါတီ (CNP) အတွင်းရေးမှူး ဦးဆလိုင်းငယ်ပီးက ဆိုသည်။

“ဥပဒေတစ်ရပ် ပြင်ဆင်နေတာကို သိပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ ကျောရိုးဥပဒေဖြစ်တဲ့ အခြေခံဥပဒေမှာပါမှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအစစ်အမှန်ကို ရရှိနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ၊ ၁၀ ရက်တွင် တိုင်းရင်းသားပါတီ ၁၆ ခုဖြင့်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။