ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စ သဘောတူညီချက်မရသေး

ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စ သဘောတူညီချက်မရသေး
by -
မဇ္ဈိမ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက် ရေး အဖွဲ့(KIO)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လိုင်ဇာညီလာခံမှ တိုင်းရင်းသား ခေါင်းဆောင်များ သဘော တူညီခဲ့သည့် ၁၁ချက်ကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိစ္စကို သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် လိုင်ဇာညီလာခံတွင် တိုင်းရင်းသားခေါင်း ဆောင်များ သဘောတူညီခဲ့သော ဘုံသဘောတူညီချက် ၁၁ ချက်ကို အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စကိုမူ ပြီးပြတ်စွာ ဆွေးနွေးနိုင်ခြင်းမရှိသည့်သောကြောင့် နိုဝင်ဘာလ ၅ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ဓာတ်ပုံ - Nyo Ohn Myint / Facebook

ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းအနီးရှိ မဂျယ်ခန်းမတွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ပြီး အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးတို့ တက်ရောက်ခဲ့ပြီး ကေအိုင်အိုဘက်မှ ဦးဆွမ်လွတ်ဂမ်၊ ဒု-စစ်ဦးစီးချုပ် ဂွမ်မော်တို့ တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် ၁၃ဦးတို့လည်း တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက်တာ ပြုလုပ်မည်ဖြစ်သည်။