ပေါက်တောမြို့နယ်အကြမ်းဖက် တိုက်ခိုက်သူများကိုဖမ်းဆီးခြင်း မရှိသေး

ပေါက်တောမြို့နယ်အကြမ်းဖက် တိုက်ခိုက်သူများကိုဖမ်းဆီးခြင်း မရှိသေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာသူ ငါးရှာ၊ ဂုံး (အခွံပါ ရေနေသတ္တဝါ) သွားကောက် သည့် ရခိုင်အမျိုးသမီးများအား တိုက်ခိုက်သည့် အကြမ်းဖက်သမားများကို ယခုတိုင် အာဏာပိုင်များမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

“ အခုအချိန်ထိ မဖမ်းသေးဘူး။ ဒီမှာအခု စစ်တပ်လည်းရှိတယ်။ ရဲလည်းရှိတယ်။ မဖမ်းနိုင်သေးတာလား၊ ဖမ်းဖို့ ကြောက်နေသလား၊ ဘာကြောင့်မဖမ်း နိုင်ဘဲ ဖြစ်နေဆိုတာ ကျမတို့လည်းမသိဘူး”  ဟု ဆင်အို်င်ရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းလူသတ်မူကျူးလွန်သူများကို ယခုအချိန်ထိ ဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း၊ ရွာသားများ အနေဖြင့် အာဏာပိုင်များ၏ လုပ်ရပ်ကို အားမလို အားမရ ဖြစ်နေကြောင်း ဆင်တက်မော် ကျေးရွာသား ဦးကျော်သာချေက ပြောသည်။

ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ အမျိုးသမီးများ ဂုံးကောက်သွားစဉ် ဘင်္ဂလီ အကြမ်းဖက်သမားများ တိုက်ခိုက်သည့်အတွက် ဒေါ်မလှခင် (၃၈)နှစ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ မမေသန်းခင်မှာလည်း လက်မောင်း တွင် ဓါးဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင််ခဲ့ရသည်။

သေဆုံးသွားသူ မလှခင်၏ အလောင်းကို ယမန်နေ့က ပေါက်တောဆေးရုံကြီးမှ ဆေးစစ်အပြီး ပြန်လည် ယူဆောင်လာခဲ့ပြီးနောက် ယနေ့တွင် သဂြိုလ်မည်ဟု ၎င်းကျေးရွာ အမျိုးသမီးက ဆက်ပြောသည်။

“ သေဆုံးသူ မလှခင်ရဲ့ အလောင်းကိုလည်း မသဂြိုလ်ရ သေးဘူး။ ပေါက်တော ရင်ခွဲရုံ ကနေ မနေ့က သန်းခေါင်ကျော်မှ အလောင်းကိုပြန်ယူလာတယ်။ ဒီနေ့ နေ့လည် ပိုင်းမှ သင်္ဂြိုလ်ဖို့လုပ်နေ ကြတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ယခုအခါ အဆိုပါ ဒေသသို့ အစိုးရစစ်တပ်ဗျူဟာမှူးကိုယ်တိုင် ရောက်ရှိနေကြောင်း၊ အခင်းဖြစ်ပွားမူနှင့် ပတ်သက်ပြီး ဆင်တက်မော်ကျေးရွာတွင် ရွာသားများကို စုံစမ်း စစ်ဆေးမူများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးမှုများမရှိသေးကြောင်း ဆင်တက်မော် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

Most read this week