ပြည်တွင်းတွင် အစိုးရနှင့် တစ်ကြိမ်မျှ တွေ့ဆုံဆွေးနွေးဖူးခြင်းမရှိသည့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ပါ၀င်တက်ရောက်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို မြစ်ကြီးနားမြို့ မနော ကွင်းအတွင်းရှိ မဂျယ်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်မည် ဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ဘက်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သလို တိုင်းရင်း သားများဖက်ကလည်း UNFC အပါအဝင်၊ လိုင်ဇာညီလာခံဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်ညှိ နှိုင်းရေးအဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။
“နိုင်ငံတော် အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကရော လူအစုံဆုံး ဖြစ်လို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အကြီးကျယ်ဆုံး ခြေလှမ်းတစ်ခုပါ” ဟု ဆွေးနွေးပွဲသို့ ပါ၀င်တက်ရောက် မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နမ်က မဇ္ဈိမကို ပြောသည်။
အဆိုပါဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုလိုသည့် အစိုးရ၏ သဘောထားနှင့် တိုင်းရင်းသား လက်နက်ကိုင်များ လိုင်ဇာတွင် ဘုံသဘောတူညီခဲ့သည့် နိုင်ငံရေးအရ အာမခံချက်ရှိရေးသည် ပထမဟူသည့် ကွဲလွဲမှုကို အဖြေရှာနိုင်ပြီး အကောင်းဆုံးရလဒ် ထွက်မည်ဟု မျှော်လင့်ကြောင်း ၎င်းက သုံးသပ်သည်။
အစိုးရက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးပြီးပါမှ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန်မူ ဘောင်ချမှတ်လိုပြီး ယင်းနောက်မှ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပမည်ဟု သဘောထား ထုတ်ပြန်ထားရာတွင် တိုင်းရင်းသားများဖက်က နိုင်ငံရေးအရ အာမခံချက်ရှိမှသာ အပစ်အခတ်ရပ်စဲရေး၊ တန်းတူညီမျှရေးတို့အပေါ် ယုံကြည်မှုရှိမည်ဟူသည့် အချက်ကို ထုတ်ဖော်ပြောဆိုထားကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် လိုင်ဇာဆွေးနွေးပွဲအပြီးတွင် နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှသာ အပစ်ရပ်လက်မှတ်ရေးထိုးမည်ဟူသည့် သဘောထားကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ဘုံသဘောတူညီချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုကျင်းပမည့် အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပရန်စီစဉ်ထားသော်လည်း မည်သည့်ခေါင်းစဉ်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကို နိုဝင်ဘာ ၃ ရက် ညဦးပိုင်းအထိ နှစ်ဖက် သဘောတူညီချက် တစ်စုံတရာမရရှိသေးဟု သိရသည်။
“အခုမှပြင်တုန်း၊ အခုမှ ညှိတုန်း မနက် ၉ နာရီလောက်တော့ စဖို့အစီအစဉ်ရှိတယ်။ ဘယ်ဟာကို အဓိကထားပြီး ဆွေးနွေးဖြစ်မလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး” ဟု Myanmar Peace Center အဖွဲ့ ၀င် ဦးအောင်နိုင်ဦးက ရှင်းပြသည်။ တိုင်းရင်းသားများဘက်က လိုင်ဇာသဘောတူညီချက်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်က သဘောထားတို့ကိုဆွေးနွေးညှိနှိုင်း ရန်မှာမူ သေချာသည်ဟု ၎င်းက သုံးသပ်သည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် နှစ်ပေါင်း(၆၀)ကျော်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် တိုင်းပြည်၏ အရင်းခံပြသနာဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွးနွေး အဖြေရှာနိုင် ရန်အတွက် အဓိက ရည်ရွယ်ကျင်းပခဲ့ကြောင်း ပါ၀င်သည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြသနာများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်နေချိန်၌ပင် တိုင်းရင်းသားနယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်သည်ဟု အလေးအနက်ထား ဆွေးနွေးသုံးသပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ၁၁ ချက်ကို ချမှတ်ခဲ့သည်ဟု သိရသည်။ သို့သော် အသေးစိတ် အချက်များကို ထုတ်ပြန်ခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှသာ အပစ်ရပ်လက်မှတ် ထိုးနိုင်မည်ဟူသည့် အချက်ကိုသာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထို့နောက် ဘုံသဘောထား ရပ်တည် ချက်များ ဆက်လက်ဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်သည့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်မည်ဟု သိရသည်။