ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသောတိုင်းရင်းသားခေါင်းဆောင်များညီလာခံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် မူဘောင်ရေးဆွဲခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင် များ ဘုံသဘောတူညီချက်များ ရရှိသွားပြီ ဖြစ်သည်။
ထိုသဘောတူညီချက်အသေးစိတ်ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်မည်ဟု ညီလာခံပြောရေးဆိုခွင့် ရှိသူ ဒေါက်တာဆလိုင်းလျန်မုန်းက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် အခန်း ၁၂ ခန်းပါ မူဘောင် သဘောထားများကို KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင်ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များညီလာခံတွင် ၁၀၀ ရာခိုင်နှုန်း သဘောတူခဲ့ကြပြီး နိုဝင်ဘာလ ၂ရက် နံနက်ပိုင်းဆွေးနွေးပွဲတွင် အားလုံးသဘောတူ လက်မှတ်ရေးထိုးကာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ညီလာခံပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောသည်။
“မူဘောင်က နိဒါန်းအပါအဝင် အခန်း ၁၂ ခန်း၊ အဲဒီထဲမှာအခြေခံရမယ့် မူတွေ၊ မူဘောင်ဆွဲရခြင်းရဲ့ ရည်ရွယ်ချက်တွေ၊ နိုင်ငံရေးဆွေးနွေးတဲ့အခါ ဘယ်လိုအချက်တွေ ဆွေးနွေးရမလဲ၊ ဆွေးနွေးပြီးသ ဘောတူလာတဲ့ဟာတွေကို ကျွန်တော်တို့ ဘယ်လို အကောင်အထည်ဖော်ရမလဲ၊ အဲဒီအကောင် အထည် ဖော်တဲ့ အခါကြရင် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းပြီးတော့ လုပ်မလဲ၊ ပြီးတော့ အဲဒီမူဘောင်ကို ကျွန်တော်တို့ အစိုးရနဲ့ ဆက်စပ် ဆွေးနွေးပြီးတော့ သဘောတူလာမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မယ် ဆိုတာတွေပါ ပါတယ်”ဟု ဒေါက်တာဆလိုင်းလျန်မုန်းက မီဒီယာများကို ပြောဆိုခဲ့သည်။
နိုဝင်ဘာလ ၂ ရက်တွင် အဆိုပါ မူဘောင်အားအကောင်အထည်ဖော်မည့် ကော်မတီတစ်ခုဖွဲ့စည်းရန် ကိုယ်စားလှယ်များ ရွေးချယ်ပြီးယင်းကော်မတီက မြန်မာအစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာကမီဒီယာများကို ပြောကြားခဲ့သည်။
“ဒီညနေသူ (ခွန်ဥက္ကာ) ထူးခြားမှုတစ်ခုပြောသွားတာက ဒီဘုံသဘောတူညီချက်အပေါ်မူတည်ပြီးအစိုးရနဲ့ ညှိနှိုင်းတဲ့အခါ သဘောတူတယ်၊ မတူဘူးဆိုပြီးတစ်ဖွဲ့ချင်းမလုပ်ဘဲအဆင်ပြေရင် အားလုံးလက်မှတ်ထိုးမယ်။ အဆင်မပြေရင် မထိုးဘူး။ ဒါကသူတို့ သဘောညီကြတယ်”ဟုခွန်ဥက္ကာပြောဆိုခဲ့ကြောင်း လိုင်ဇာရောက် မဇ္ဈိမသတင်းထောက် မိုင်းမိုင်ကပြောသည်။
ထို့အပြင် မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးပါဝင်သော တစ်နိုင်လုံးအတိုင်း အတာ အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးပြီးနောက် ရက်ပိုင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးမှု မူဘောင် ချမှတ်မည်ဖြစ်သည်။ ထိုသို့ နိုင်ငံရေးမူဘောင်ချမှတ်ပြီး ရက်ပိုင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် ညှိနှိုင်းကာလာမည့် ၂၀၁၅ခုနှစ် မတိုင်မီအပြီး ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ခွန်ဥက္ကာက ပြောသည်။
“ဘာကြောင့် အချိန်တိုအတွင်းလုပ်ရသလဲဆိုတော့ အခုအချို့အဖွဲ့တွေ အပစ်အခတ် ရပ်စဲထားပေမဲ့ အချိန်စွဲထားရင် ထိခိုင်နစ်နာမှုတွေ ရှိနေတယ်။ အခွင့်အလမ်းတွေလည်း ဆုံးရှုံးလာတယ်လို့ ပြောတယ်”ဟု မိုင်းမိုင်က ဆက်ပြောသည်။
ယခု တိုင်းရင်းသားခေါင်းဆောင်များညီလာခံတွင် သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက်များကို နိုဝင်ဘာလ ၄ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဒု-ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။ လိုင်ဇာညီလာခံ အပြီးတွင် ဝန်ကြီးဦးအောင်မင်းနှင့် KIO အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတစ်ရပ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုုဝင်ဘာ ၄ ရက် နှင့် ၅ ရက်တွင် ကျင်းပမည် ဖြစ်သည်။
လိုင်ဇာညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကာ အောက်တိုဘာလ ၃၀ ရက်မှ စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။