ဗြိတိသျှ ကိုလိုနီလက်အောက်မှ တောင်တန်း−မြေပြန့် လွတ်လပ်ရေး အတူတကွ ရယူရန် သဘော တူ လက်မှတ်ရေးထိုးသည့် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သော သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နယ်ခွဲ ပင်လုံမြို့ရှိ “ပြည်ထောင်စုကျောက်တိုင်” ကို ယနေ့ စတင်ပြုပြင်မွမ်းမံနေကြောင်း သိရှိရသည်။
“ကျောက်တိုင်ကိုတူးပြီး ကွန်ကရစ်ခင်းမယ်။ ကြွေပြားတွေခင်းမယ်။ ကျောက်တိုင်ကို ပိုမြင့်လာ အောင်လို့တဲ့။ ဘယ်လိုလုပ်မယ်ဆိုတာ အသေးစိတ်တော့ မသိဘူး။ ကျောက်တိုင်အနီးမှာ ပြတိုက် လည်း ဆောက်မယ်တဲ့” ဟု ပင်လုံဒေသခံ လုံးစော က ပြောသည်။
ကျောက်တိုင်၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်၌ မုခ်ဦး ၃ ခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ကျောက်တိုင်ပြုပြင်မွမ်းမံမှုကို ၂၀၁၃ နိုဝင်ဘာလမှ ၂၀၁၄ ဇန်နဝါရီလအထိ ၃ လ အတွင်း ပြီးစီးရန်နှင့် ၂၀၁၄ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌ ပြတိုက်ဖွင့်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း ဆို၏။
“ပြုပြင်တာရော ပြတိုက်ဆောက်ဖို့ရော အစိုးရက ကျပ်ငွေသိန်းပေါင်း ရ,၀၀၀ ချထားပေးတယ်။ မလောက်ရင်တော့ နောက်သိန်း ၃,၀၀၀ ထပ်သုံးလို့ရတယ်လို့ ပြောတယ်။ ဦးတေဇ ပိုင်တဲ့ ထူးထရိတ်ဒင်းကုမ္မဏီက ကန်ထရိုက်ဆွဲတယ်” ဟု မြို့ခံ လုံးမိဏ်း ကလည်း ပြောပါသည်။
ပြတိုက်အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် လက်မှတ် ရေးထိုးနေပုံများ၊ ပင်လုံစာချုပ် စသည်တို့ကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ဆို၏။
“ကျောက်တိုင်ကို မူလလက်ရာ မပျောက်ပျက်အောင် ပြုပြင်မွမ်းမံရင်တော့ အကောင်းဆုံးပေါ့။ ပြတိုက်မှာ ပင်လုံစာချုပ်ကို ပြထားမယ်ဆိုရင်လည်း အချက်အလက်တွေ မပြင်ဘဲ ပင်လုံစာချုပ် မူရင်းကို အမှန်အကန် ဖော်ပြရင်တော့ အကောင်းဆုံးဘဲ” ဟု ပင်လုံရပ်မိရပ်ဖတစ်ဦးက ပြောသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး က ပင်လုံစာချုပ်ကို ပူးတွဲလက်မှတ်ရေးထိုးပြီး တောင်တန်း−မြေပြန့် ပူးပေါင်းရေးစာချုပ်ကျောက် တိုင် (ပြည်ထောင်စုကျောက်တိုင်) ကို စိုက်ထူခဲ့ကြသည်။