အခြေခံဥပဒေပြင်ရေးကိစ္စ အစွန်းရောက်မှုနှင့် ကိုယ်ပိုင်ဆန္ဒကို ရှောင်ရှားရန် သမ္မတဦးသိန်းစိန်ပြော

အခြေခံဥပဒေပြင်ရေးကိစ္စ အစွန်းရောက်မှုနှင့် ကိုယ်ပိုင်ဆန္ဒကို ရှောင်ရှားရန် သမ္မတဦးသိန်းစိန်ပြော
by -
မဇ္ဈိမ

အခြေခံဥပဒေပြင်ဆင်ရာတွင် တစ်ဖက်စွန်းရောက်မှုနှင့် မိမိဖြစ်လိုသည့် ဆန္ဒကို ရှောင်ရှားပြီး နိုင်ငံ၏ အတိတ်သမိုင်း၊ လက်ရှိအခြေအနေနှင့် နောက်လာမည့် အနာဂတ်တို့အတွက် ကောင်းကျိုး၊ ဆိုးကျိုးများကို စဉ်းစားဆောင်ရွက်ကြရန် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်သည်။

"အစွန်းရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထုအများစု၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို  စဉ်းစား တွက်ဆပြိး ဓမ္မဓိဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန်" ဟု အခြေခံဥပဒေပြင်ဆင်ရေးကို ရည်ညွန်းကာ သမ္မတက နိုဝင်ဘာ ၁ ရက်က သူ၏လစဉ်ပြောနေကျ ရေဒီယိုမိန်းခွန်းတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်က အမတ် ၁၀၉ ဦးပါဝင် သည့် 'အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ' တစ်ရပ်ကို ဖွဲ့စည်းထားပြီး အတိုက်အခံ အင်အားကြီး ပါတီဖြစ်သည့် NLD ကလည်း အခြေခံဥပဒေနှင့်ပတ်သတ်ပြီး ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် နိုင်ငံတဝန်းတွင် လူထုဆန္ဒခံယူပွဲများ ပြုလုပ်လျက်ရှိနေသည်။

သမ္မတဦးသိန်းစိန်က နိုင်ငံပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ်၊ အလယ်လပ်သည့် အစွန်း နှစ်ပါးကို ရှောင်ရှားပြီး လက်တွေ့ကျသည့် ရလာဒ်များရရှိရန်လည်း ကြိုးပမ်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သေးသည်။

သို့သော် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းလွပ်လပ်သော လူ့အဖွဲ့အစည်းပေါ်ထွက်လာရန် စိန်ခေါ်မှုများ စွာရှိနေသေးသည်ဟုလည်း သမ္မတက ထည့်ပြောသွားသည်။

"ဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ အတူတကွ လက်တွဲ ရင်ဆိုင်ဖြေရှင်း ကြရဦးမှာဖြစ်ပါတယ်" ဟု သမ္မတက အောက်တိုဘာလအတွင်း သွားခဲ့သည့် ရခိုင်ခရီးစဉ်နှင့် တိုက်ဆိုင်စွာ ပဋိပက္ခများဖြစ်ပွားခဲ့မှုကို ရည်ညွန်းပြီး ၎င်းက ပြောဆိုခဲ့သည်။

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃ရက် နံနက်က သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ နှစ်ဘက်ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့အနီးရှိ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများသည် ထိုကျေးရွာသားများ ကိုယ်တိုင်မဟုတ် ဘဲ ပြင်ပကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း အထောက်အထားများ ရရှိထားသည်ဟုလည်း သမ္မတက ပြောခဲ့သေးသည်။

ထို့အပြင် အောက်တိုဘာလထဲတွင် ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ဗုံးတွေ့ရှိ မှုများ၊ ဗုံးလန့်မှုများလည်း ဖြစ်ပွားခဲ့သေးသည်။

ထိုပြဿနာများကို ဖြေရှင်းရန်လည်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် ဒေသအာဏာပိုင်များကို ညွန်းကြားထားသည်ဟု သမ္မတက ပြောသည်။

ယင်းအပြင်  ၎င်းလစဉ်ပြောနေကျဖြစ်သည့် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးကို ဆောင်ရွက် သွားမည်ဟု သမ္မတက ယခုလ မိန်းခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သေးသည်။