ခေတ်အဆက်ဆက် ကျေးရွာ၊ ရပ်ကွက်တွေမှာ အမျိုးသမီးတွေကို နေရာပေးတာဟာ အင်မတန်ရှားပါး လွန်းပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အမျိုးသမီးတွေ ပါ၀င်ရတဲ့နေရာ တော်တော်များများက ထမင်း ချက်၊ စျေးဝယ်၊ ဝေယျာဝစ္စ စသဖြင့် အောက်ခြေသိမ်းတွေကိုလုပ်ရပြီးတော့ တကယ်ဦးဆောင်နေခဲ့ကြ တာက အမျိုးသားတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့လို ပြောင်းလဲလာနေတဲ့ခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူနေရာယူလာကြပါပြီ။
အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ ရပ်ကွက်၊ ကျေးရွာကနေ နိုင်ငံတော်အဆင့်ထိ သွားနိုင်ဖို့ ခြေလှမ်းတွေပဲဖြစ်နေပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ် ရတဲ့ အတွေ့အကြံု၊ အခက်အခဲတွေကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်မြတ်စုခိုင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
အမျိုးတို့ရဲ့အသံ ဒုတိယအကြိမ် အမျိုသမီးဖိုရမ်မှာ အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ ပါ၀င် ဆွေးနွေးခဲ့ပုံ ပြောပြပေးပါ။
ဒီပွဲကိုတက်ရောက်ဖို့ ဖန်တီးအိမ်အမျိုးသမီးအဖွဲ့မှ ဆက်သွယ်ခဲ့ပါတယ်။ ပြီးတော့ ဗဟန်းမြို့နယ်က ဒေါက်တာဒေါ်ညိုညိုသင်း (လွှတ်တော်ကိုယ်စားလှယ်)ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ၀င်ရောက်ဆွေးနွေး ဖြစ် တာပါ။ ဒီလို အမျိုးသမီးဖိုရမ်မှာ ၀င်ရောက် ဆွေးနွေးခဲ့ရတဲ့အတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ်။
အမျိုးသမီးအုပ်ချုပ်ရေးမှူး စလုပ်ဖြစ်ပုံလေးကို ပြောပြပေးပါ။
စပြီး ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူးရွေးချယ်မယ်ဆိုပြီး ကြားတယ်။ ဆယ်အိမ်ထောင်ကို တစ်ဦးအနေနဲ့ ရွေးချယ်တယ်။ အဲဒီအချိန်မှာ အဖေကလည်း ကျွန်မကိုဝင်ရောက် ရွေးချယ်ဖို့အတွက် တိုက်တွန်းခဲ့တယ်။ ကျွန်မ စတင်ပြီး ဖောင်တင်ခဲ့ပြီး၂၀၁၂ ခုနှစ် စတင်ဘာမှာ မဲပေးရွေးချယ်ပွဲတွေလုပ်ပြီး ပြိုင်ဖက်မရှိ အနိုင် ရရှိခဲ့တယ်။ ၂၅ ရက်၊နှစ်လပိုင်း၊ ၂၀၁၃ မှစပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ခုနစ်လတာ ရှိပါပြီ။
အမျိုးသမီးတစ်ယောက်အနေနဲ့ အုပ်ချုပ်ရေးမှူး လုပ်ရတဲ့အပေါ် အခက်အခဲတွေ ဘာတွေရှိလဲ။
အခက်အခဲကတော့ အနည်းနဲ့အများရှိတယ်။ ညအချိန်မတော် ထွက်ရတယ်၊ ရပ်ကွက်ထဲမှာ ဧည့်စာရင်း စစ်တာ၊ ယာဉ်စစ်တာတွေ ရှိတယ်။ အမျိုးသားတွေနဲ့ ညအချိန်မတော် ထွက်ရတဲ့အခါ အဆင်မပြေဘူး၊ သူများရဲ့ အမြင်မှာ ရဲတွေမီးသတ်တွေနဲ့ မိန်းကလေးက တစ်ယောက်တည်း ဖမ်းလာတာလား အမျိုးမျိုး တွေးကြတယ်။ အမျိုးမျိုးမြင်ကြတယ်။ အဲဒီ့အခါကျတော့ ကျွန်မက ၀တ်စုံပြောင်းပြီး ထွက်ရတယ်။ ဒါ ပေမယ့် ဒီလိုပြည်သူ့တာဝန်ကို လုပ်ရတဲ့အတွက် စိတ်ချမ်းသာတယ်။ ကျေလဲ ကျေနပ်တယ်။ ၀ါသနာ လည်း ပါတယ်။
အမျိုးသမီး အုပ်ချုပ်ရေးမှူးအပိုင်းမှာ ဘာကြောင့် အမျိုးသမီးတွေ ရှားနေတယ်လို့ထင်လဲ။
ဘာကြောင့် ရှားတာလဲဆိုတော့ မိန်းကလေးတွေရဲ့ အဓိကတော့ စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်။ ခံယူချက်နဲ့ပဲ ဆိုင်တယ်။ မိန်းမတစ်ယောက် ဖြစ်လာပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြဘူး၊ ကိုယ့်ဘဝရဲ့ ရပ် တည်ဖို့အတွက်ကို ယောက်ျားယူလိုက်ကြတယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်ဖို့ မကြိုးစားတော့ဘူး၊ အဲဒါတွေကြောင့်လဲ ဖြစ်တယ်။ အခုနောက်ပိုင်း တော်တော်များများတော့ အမျိုးသမီးတွေ ထွက်လာကြ ပါပြီ။ အမျိုးသမီးအုပ်ချုပ်ရေးမှူးကို ကျောက်တံတားမှာတစ်ယောက်၊ ဗဟန်းမြို့နယ်မှာက ကျွန်မက တာဝန်ထမ်းဆောင်နေရတယ်။ နောက်ပိုင်းတော့ လွှတ်တော် အပါအဝင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကစ ထွက်လာမယ်လို့တော့ ကျွန်မမြင်တယ်။
အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့အတွက် ဘယ်သူ့က အဓိက ပံ့ပိုးမှုပေးပါသလဲ။
အဓိကတော့ ကျွန်မ အဖေပါ။ အဖေက ၈၈ ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင် ခဲ့တာပါ။ သူ့ကလည်း ကျွန်မကို ကူညီပေးတယ်။ အရင်ကတည်းက ကျွန်မက အဖေရဲ့လုပ်ငန်းတွေကို ၀င်လုပ်ပေးတယ်။ သူများတွေအတွက် လုပ်ပေးရင် စိတ်ချမ်းသာတယ်။ အဲဒီအထဲက ကျွန်မက ၀ါသနာပါ တာပါ။ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲရှိတော့ အဖေက ၀င်ရွေးကြည့်ဖို့ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မကို ပြည်သူတွေက မဲပေးရွေးချယ်ခဲ့တာ ပြိုင်ဖက်မရှိဘဲ အများဆုံးရှိခဲ့တယ်။