သံတွဲတွင် ဖမ်းဆီးခံထားရသူ ၂၃ ကို ရှောင်တခင်ရုံးထုတ်

သံတွဲတွင် ဖမ်းဆီးခံထားရသူ ၂၃ ကို ရှောင်တခင်ရုံးထုတ်
by -
နိရဥ္စရာ

သံတွဲမြို့တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား ၂၃ ဦးကို ရုံးချိန်းရက် မဟုတ်ဘဲ ယမန်နေ့က ရှောင်တခင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

သံတွဲ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မီတီအဖွဲ့ဝင် ကိုကျော်ဌေးဝင်းက “ မနေ့က ရုံးထုတ်ပါတယ်။ သူတို့ကိုရုံးချိန်ပေးထားတာက အောက်တိုဘာ ၃၁ ရက် (ဒီနေ့ပါ)၊ ရုံးချိန်းရက် မဟုတ်ဘဲ  အခုလို ရုံးထုတ်တာကတော့ တရားခံဦးရေများတဲ့အတွက် ဖြစ်တယ်လို့ သူတို့ဘက်က အကြောင်းပြ ပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၂၃ ဦးကို အကျိုးဖျက်ဆီးမှု၊ လူသတ်ရန် လှုံ့ဆော်မှု စသည့် ပုဒ်မများဖြင့် တရား စွဲဆို ထားကြောင်း၊ ယမန်နေ့ ညနေ ၄ နာရီခွဲ ခန့်တွင် ရုံးထုတ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရုံးချိန်းရက် မဟုတ်ဘဲ ရှောင်တခင် ရုံးထုတ်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း ကိုကျော်ဌေးဝင်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီမှ ဗဟိုကော်မီတီဝင် ရှေ့နေမကြီး ဒေါ်အေးနုစိန် အပါအဝင် ခေါင်း ဆောင်တချို့လည်း သံတွဲမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး ရခိုင် အမျိုးသား အများအပြားကို ဖမ်းဆီးထားမူသည် ဥပဒေနှင့် ညီညွှတ်မူ ရှိမရှိကို လေ့လာ ဆန်းစစ်နေကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ဖမ်းဆီးခံနေရသည့် ရခိုင်အမျိုးသား အများစုသည် ပဋိပက္ခနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ မရှိဘဲ  အဖမ်းခံနေကြရခြင်း ဖြစ်သည်ဟုု  ဒေသအတွင်းရှိ လူမှုရေး အဖွဲ့အစည်းများနှင့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ (သံတွဲ)မှ အတိအလင်း ပြောကြားထားပြီး  သူတို့အား အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုထားသည်။

၎င်းအဖွဲ့များမှ တောင်ဆိုပြီး နောက်ပိုင်း အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင်  အာဏာပိုင်များက နောက်ထပ် ရခိုင်အမျိုးသား ၄ ဦးကို သံတွဲတွင် ဖမ်းဆီး ခဲ့သည်ဟု သိရသည်။

သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် ရခိုင်အမျိုးသား ၅၇ ဦးဖမ်းဆီးခံရပြီး ၅ ဦးကို မကြာသေးမီက ပြန်လွှတ်လိုက် သည့်အတွက် ယခုအခါ ရခိုင်အမျိုးသား ၅၂ ဦး ဆက်လက် ဖမ်းဆီးခံနေကြရသည်။

Most read this week