ရဲတပ်ရင်းချရန် လယ်မြေတိုင်းတာမှုကြောင့် ကျောက်ဖြူ ဒေသခံများစိုးရိမ်

ရဲတပ်ရင်းချရန် လယ်မြေတိုင်းတာမှုကြောင့် ကျောက်ဖြူ ဒေသခံများစိုးရိမ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတော ကျေးရွာ အုပ်စုတွင် လယ်မြေဧက ၂၀၀ ခန့်ကို ရဲတပ်ရင်း ချရန် အတွက် ကျောက်ဖြူ မြေစာရင်း ဦးစီးဌာမှ မကြာမီက လာရောက် တိုင်းတာခဲ့သဖြင့် ဒေသခံများ အထူးစိုးရိမ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ မြေစာရင်းဌာနက တိုင်းတာမူုတွေ ပြီးစီးသွားပါပြီ။ ကျောက်ဖြူ မြို့နယ် အုန်းတော ကျေးအုပ်စုက ၀က်ဆံကျေးရွာနဲ့ ပြိုင်းစေ့ကေ ကျေးရွာ အကြားက ကွင်းအမှတ် ၄၆၀ မှာ ရဲတပ်ရင်းကို ချမှာ ဖြစ်ပါတယ်။ အဲဒီမြေတွေကို သိမ်းမယ်လို့ သိရပါတယ်” ဟု ၄င်းကဆိုသည်။

အမည် မဖေါ်လိုသူ ဒေသခံ မြေစာရင်းဌာနမှ စာရေး တစ်ဦးကလည်း ကွင်းအမှတ် ၄၆၀ တွင် ရဲတပ်ရင်းချ မည်ကို အတည်ပြု ပြောကြားသည်ဟု သိရသည်။

ယင်းကဲ့သို့ ဒေသခံ ပြည်သူများပိုင် လယ်မြေပေါ်တွင် အာဏာပိုင်များမှ ရဲတပ်ရင်း တစ်ခု တည်ဆောက်ရန် စီစဉ်နေသဖြင့် လုပ်ကိုင် စားသောက်နေသော စိုက်ပျိုးမြေများ ဆုံးရှံုးမည်ကို ဒေသခံများ အထူး စိုးရိမ်နေ ကြသည်ဟု ဆိုသည်။

ထိုသို့ မြေသိမ်းယူမည်ကို ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် တာဝန်ရှိသူများမှ ယခုအချိန်ထိ တစ်စုံတစ်ရာ ကျေးရွာသားများသို့ ချပြ ပြောဆိုခြင်း မရှိသေးကြောင်း၊ တိတ်တဆိတ် သိမ်းယူရန် စီစဉ်နေပုံရကြောင်း  ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ ဒီမြေတွေပေါ်မှာ ရဲတပ်ရင်းအတွက် အဆောင်တွေ ဆောက်မယ်ဆိုတာကို ခုအချိန်ထိ ဘယ်အာဏာပိုင်ကမှ ပွင့်ပွင့်လင်းလင်း ပြောဆိုတာ မရှိသေးဘူး။ ခုလို လူထုကို အသိမပေးဘဲ ဆောင်ရွက်တဲ့ အတွက် ကျနော်တို့ ဒေသက လူတွေကတော့ တစ်စုံတစ်ရာ လျှော်ကြေး မပေးဘဲ သိမ်းနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် လူတိုင်းက စိုးရိမ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ ဒေသခံများ အနေဖြင့် အဆိုပါ ရဲတပ်ရင်းချမည့် ကိစ္စကြောင့် အုန်းတောကျေးရွာ ဘုန်းကြီးကျောင်း တွင် ကျွန်းလုံးဆိုင်ရာ (ဒေသဆိုင်ရာ) အစည်းအဝေးတစ်ခုကို များမကြာမီ ကျင်းပသွားမည် ဟု သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဓညဝတီ ရေတပ် စခန်း တည်ဆောက်စဉ်ကလည်း လယ်မြေအများ အသိမ်းခံခဲ့ရသလို အခြား အမှတ် ၅၄၂ နှင့် အမှတ် ၅၄၃ စစ်တပ် တပ်ရင်း (၂) ခုအတွက်လည်း လယ်မြေ အများအပြားကိုလည်း သိမ်းယူသွားခဲ့သည်ဟု သိရသည့်အပြင် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အတွက်လည်း ဒေသခံလယ်မြေများ ထောင်ချီ၍ ဆုံးရှံုးခဲ့ကြရသည်။

ယခုကဲ့သို့ ဒေသခံများ လုပ်ကိုင် စားသောက်နေသော မြေများကို သိမ်းချင်တိုင်း သိမ်းနေကြမည်ဆိုလျှင် ဒေသခံများမှာ လုပ်ကိုင် စားသောက်စရာ မြေကျန်တော့မည် မဟုတ်သဖြင့် မိမိတို့၏ ချက်မြုပ်မြေကို စွန့်ခွာ ထွက်သွားကြရန်သာ ရှိပါတော့ကြောင်း ကျောက်ဖြူမြို့မှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ဦးသန္တာမောင်က ပြောသည်။

Most read this week