မြေလွတ်မြေရိုင်းပေါ်တွင် စီမံကိန်းလုပ်ကိုင်ခြင်းမရှိသေးသည့်မြေများ ပြန်သိမ်းမည်ဟုဝန်ကြီးပြော

မြေလွတ်မြေရိုင်းပေါ်တွင် စီမံကိန်းလုပ်ကိုင်ခြင်းမရှိသေးသည့်မြေများ ပြန်သိမ်းမည်ဟုဝန်ကြီးပြော
by -
မဇ္ဈိမ

မြေလွတ်မြေရိုင်းများပေါ်တွင် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးမွေးမြူရေးစသော စီမံကိန်းများလုပ်ကိုင်ရန် လျှောက်ထားသော်လည်း လုပ်ကိုင်ခြင်းမရှိသေးသည့် မြေများကိုတိုင်းဒေသကြီးအစိုးရမှ ပြန်လည်သိမ်း ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောသည်။

၀န်ကြီးဦးမြင့်သန်းက မန္တလေးတိုင်းအတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်သတ္တုတူးဖော်ရေးလုပ်ကိုင်ရန် လျှောက်ထား၊ လုပ်ကိုင်နေသော လုပ်ငန်းရှင်များကို အောက်တိုဘာ လ ၂၉ ရက်က မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“လျှောက်ထားပြီး ဘာစီမံကိန်းမှမလုပ်တဲ့ မြေလွတ်မြေရိုင်းနဲ့ မြေလပ်တွေကို သြဂုတ်လ ၃၁ ရက်မှာ ပြန်လည် သိမ်းယူပြီးပါပြီ။ လျှောက်ထားစဉ်က စီမံကိန်းအတိုင်းမစိုက်ထားရင်လည်းသိမ်းပါမယ်။ ကော်ဖီ စီမံကိန်းလျှောက်ပြီး တခြားသီးနှံစိုက်လို့မရပါဘူး။ စီမံကိန်းမဖော်ထုတ်ရသေးတဲ့ ဧရိယာအားလုံး သိမ်း ယူသွားပါမယ်” ဟု ၀န်ကြီး ဦးမြင့်သန်းက ပြောသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၁ရက်က ပြန်လည်သိမ်းယူခဲ့သည့် မြေလွတ်၊ မြေရိုင်းများတွင် ဥယျာဉ်ခြံမြေ၊ တောင်ယာ စိုက်ပျိုးရေးမြေ၊ စီမံကိန်းပလပ်မြေ၊ မွေးမြူရေးလုပ်ရန်နှင့် ၀ါ၊ ကော်ဖီ၊ ပိုးစာ စီမံကိန်းများကို နှစ်ရှည်စိုက်ပျိုးမည်ဟုဆိုကာ လျှောက်ထားသည့် မြေများကိုပြန်လည်သိမ်းယူခဲ့သည်။ သို့သော် သိမ်း ဆည်းသည့်မြေဧက အတိအကျကိုမူ ပြောကြားခြင်းမရှိပေ။

ထို့အပြင် ယခင်ကလျှောက်ထားသော မြေနေရာတွင် ပြန်လည်စိုက်ပျိုးလိုက တိုင်းအစိုးရအဖွဲ့ထံ ပြန် လည်လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားလိုသူများသည် အထောက်အထားအစုံအလင်ဖြင့် နို၀င်ဘာ ၄ ရက်နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်သည်။ နောက်ဆုံးထား မတင်ပြသူများ၊ အထောက်အထား မပြနိုင်သူများ၊ ဆက် လက်မလုပ်ကိုင်နိုင်သူများ၏ မြေများကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခင် လျှောက်ထားသူမဟုတ်ဘဲ ၀ယ်ယူလုပ်ကိုင်သူများ သတ်မှတ်စည်းကမ်းချက်များ ချိုးဖောက်၍ စိုက်ပျိုး ထားသူများကိုလည်း ပြန်လည်သိမ်းယူမည်ဟု ဆိုသည်။