လွှတ်တော်ကဆိုင်းငံ့သော်လည်း လျှပ်စစ်ဓါတ်အားပေးစက်ရုံ ရခိုင်တွင်တည်ဆောက်မည်

လွှတ်တော်ကဆိုင်းငံ့သော်လည်း လျှပ်စစ်ဓါတ်အားပေးစက်ရုံ ရခိုင်တွင်တည်ဆောက်မည်
by -
နိရဥ္စရာ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ရခိုင်ပြည်နယ်သို့  ပြောင်းရွှေ့ တည်ဆောက်မည့် အစိုးရ၏ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ အစီအစဉ်အား လွှတ်တော်တွင် ကန့်ကွက်မူကြောင့် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ခဲ့သော်လည်း ယခုနှစ်ကုန်တွင် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ခုကို ကျောက်ဖြူမြို့တွင် တည်ဆောက် သွားမည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်သော လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စွမ်းအင်ဝန်ကြီး  ဦးဇင်ယော်အောင်တို့၏ ကျောက်ဖြူ ခရီးစဉ်တွင် ထိုသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဓာတ်ငွေ့ထွက်သော်လည်း သုံးခွင့်မရသဖြင့် လျှပ်စစ်မီး ပေးနေရသော စစ်တွေမှ ဒီဇယ်သုံး မီးစက်ကြီး။

“ ၀န်ကြီးတွေက ကျောက်ဖြူမြို့မိ မြို့ဖတွေ၊ လူမူ အထောက်အကူအပြုအဖွဲ့က တာဝန်ရှိသူတွေကို လေဆိပ် ဧည့်ရိပ်သာမှာ ခေါ်ယူတွေ့ဆုံ စဉ်မှာ ပြောသွားတာပါ။ ၀န်ကြီးက လွှတ်တော်ကနေ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ရခိုင်ကို ရွှေ့မယ့် ကိစ္စကို ဆိုင်းငံ့ထားပေမယ့် ရခိုင်လူထု အနေနဲ့ စိုးရိမ် အားမငယ်ဖို့နဲ့ နိုင်ငံတော် သမ္မတက ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ အတွက် မီဂါ၀ပ် ၅၀ ပေးနိုင်တဲ့ သဘာဝ ဓါတ်ငွေ့သုံး စက်ရုံကို မဖြစ်မနေ အကောင်အထည်ဖေါ် တည်ဆောက်သွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

ယခု ကျောက်ဖြူတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံမှာ မည်သည့် စီမံကိန်းဆိုသည်ကိုမူ ၀န်ကြီးများက သဲသဲကွဲကွဲ ရှင်းလင်း ပြောကြားသွားခြင်း မရှိသေးပေ။

ကျောက်ဖြူ လူမူကွန်ယက်မှ ဦးလှမြင့်ကျော်က အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ယခုနှစ်ကုန်ပိုင်း ဒီဇင်္ဘာလတွင် စတင်တည်ဆောက်သွားမည်ဟု ၀န်ကြီးများက ပြောဆိုကြောင်း ပြောကြားသည်။

စက်ရုံ တည်ဆောက်မည့် မြေနေရာကို ကျောက်ဖြူအနီးရှိ ဂုံးရှိန် ကျေးရွာနှင့် ကံ့ကော်တော ဘုရားအကြား မြေ (၅၄) ဧက သတ်မှတ်ထားကြောင်း ဦးသန္တာမောင်က ဆက်ဆိုသည်။

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြင့်  အစိုးရ အနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီသော ၀င်ငွေများ ရရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရရှိခြင်း၊ ရရှိသည့် လျှပ်စစ်မီးမှာ ဒီဇယ်သုံး အင်ဂျင်များမှ ထုတ်လုပ်သဖြင့် မီတာခ တယူနစ်ကို ၅၀၀ ကျပ်ထိ ပေးဆောင်နေရခြင်းတို့ကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မူများ တိုးပွားလာနေရာ လက်ရှိ အစိုးရမှ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်နေသော ဓာတ်ငွေ့သုံး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ပြောင်းရွှေ့တည်ဆောက်ရန် ပါလီမန်တွင် တင်ပြခဲ့သည်ဟု သိရသည်။

သို့သော်လည်း မွန်ပြည်နယ် မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက် ခဲ့သဖြင့် အဆိုပါ အစီအစဉ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်နာ ယက သူရရွှေမန်းမှ ဆိုင်းငံ့ ထားလိုက်သည်ဟု သိရသည်။

မြန်မာ အစိုးရမှ နိုင်ငံတော်အဆင့် ခေတ်မှီ လျှပ်ဓါတ်အား ပေးစက်ရုံ အများအပြားကို နိုင်ငံအတွင်း တည်ဆောက်ရန် စီစဉ်နေရာ ကနဦး အစီအစဉ်များထဲတွင် ရခိုင်ပြည်နယ် အတွက် စက်ရုံတစ်ရုံမှ မပါ၀င်ကြောင်း သိရှိရသည်။

မြန်မာ အစိုးရသည် ကမ္ဘာဘဏ် အကူအညီဖြင့် မွန်ပြည်နယ် သထုံမြို့တွင် ၁၀၆ မီဂါ၀ပ် ထုတ်လုပ်နိုင်မည့် အမေရိကန် ဒေါ်လာ ၁၄၀ သန်း တန် ခေတ်မီ လျှပ်စစ်ဓါတ်အား ပေးစက်ရုံ တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ၎င်းစီမံကိန်းအတွက် မြန်မာ အစိုးရ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ် တာဝန်ရှိသူများနှင့် ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အလားတူ မွန်ပြည်နယ်မှ မော်လမြိုင်မြို့တွင် EXIM Bank of China ၏ ချေးငွေမှ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၁ သန်းနှင့်ညီမျှသော ယွမ်ငွေဖြင့် မော်လမြိုင်တွင် ၅၀ မီဂ္ဂါ၀ပ် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီစဉ်ထားပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ရန် လွှတ်တော်သို့ နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့ရာ ကန့်ကွက်မူများ ပေါ်ပေါက်ခဲ့သဖြင့် လွှတ်တော် ဥက္ကဌက ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျောက်ဆည်နှင့် မြင်းခြံမြို့တို့တွင်လည်း ရခိုင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်သွားမည်ဟု တရားဝင် ကျေညာ ထားသည်။ ၎င်းစီမံကိန်း (၂) ခုအတွက် မြန်မာ့ လျှပ်စစ်ဓါတ်အားလုပ်ငန်း၊ စွမ်းအင် ၀န်ကြီးဌာနမှ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြုပ်နှံမူများအား ဖိတ်ခေါ်ထားသည်။

ကျောက်ဆည်ဒေသတွင် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရန် Gas Engine Generator ဌားရမ်းရန် စီစဉ်နေပြီး မြင်းခြံဒေသတွင် ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် Combined Cycle Power Plant ( CCPP) တည်ဆောက်ပြီး Independent Power Producer (IPP) စနစ်ဖြင့် ဓာတ်အား ထုတ်လုပ်ပေးမည်ဟု သိရသည်။

ယင်းအပြင် အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီ အကူအညီဖြင့်  ဧရာဝတီတိုင်း ငရုတ်ကောင်း ကျေးရွာတွင်လည်း  ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းစက်ရုံ တည်ဆောက်ရန် အတွက် ၎င်းအိန္ဒိယ ကုမ္ပဏီမှ  မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း၊ လိုအပ်သော ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန်မှ မှာယူ တင်သွင်းသော ဓါတ်ငွေ့သုံး တာဘိုုင်ဒါ စက်ကြီးများကိုလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအတော်များများတွင် တည်ဆောက်ထားပြီ ဖြစ်ကြောင်း သိရသည်။

သဘာဝ ဓါတ်ငွေ့ အလျှံအပယ် ထွက်ရှိပြီး မီတာခ တယူနစ်ကို ကျပ် ၅၀၀ ထိ ပေးနေရသော၊ လျှပ်စစ်မီး မရ၍ ဖွံ့ဖြိုးတိုးတက်မူ နောက်ကျဆုံး ဖြစ်နေရသော ရခိုင်ပြည်နယ် အတွက်မူ စက်ရုံ တစ်ရုံမှ  တည်ဆောက်ရန် ကနဦး အစီအစဉ်ထဲတွင် မပါ၀င်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရမှ ရခိုင်အတွက် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ပေးရန် စီစဉ်လာကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဥ္စရာနှင့် မေးမြန်းခန်း တစ်ခုတွင် ပြောဆိုသည်။

“ လက်ရှိ အစိုးရက ၂၀၁၄-၂၀၁၅ မှာ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ရရှိစေရမယ်လို့ အာမခံထားပါတယ်။ ကျနော်တိ်ု့က ဒီ ရခိုင်မှာ လျှပ်စစ်မီး ရရှိရေးကို အကြိမ်ကြိမ် တင်ပြ တောင်းဆိုထားတာကြောင့် အစိုးရဘက်ကလည်း ခုလို ကတိကဝတ်တွေကို ပေးလာတာ ဖြစ်ပါတယ်။ ကျနော်ကတော့ သူတို့ တကယ် လုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။ လက်တွေ့ လုပ်ပေးမလား၊ မလုပ်ပေးဘူးလားဆိုတာကိုတော့ သတိထား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အခရာ အကျဆုံးမှာ စျေးစျေးပေါပေါဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိ်ရေး ဖြစ်သဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ အနေဖြင့် အမှန်တကယ် လိုလားပါက သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ရခိုင်မြေပေါ်တွင် အမြန်ဆုံး တည်ဆောက်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများက  ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

Most read this week