ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ တင်သွင်း ခဲ့သော မြန်မာနိူင်ငံ လူ့အခွင့်အရေး အစီရင် ခံစာသည် မြန်မာ နိုင်ငံ အစိုးရ၏ လူ့အခွင့် အရေး ဆိုင်ရာ ရှာဖွေ တွေ့ရှိချက် များနှင့် လုပ်ဆောင် နေမှု များကို ဖေါ်ပြရန် ပျက်ကွက် ခဲ့သော အစီ ရင်ခံစာသာ ဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာ နိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က အောက်တိုဘာ လ (၂၄) ရက်နေ့တွင် တုန့်ပြန် ပြောဆို ခဲ့ပါသည်။
“ ဒါပေမယ့်လို့ အစီရင် ခံစာပါ တွေ့ရှိချက် ထဲက မြန်မာ အစိုးရရဲ့ အပြုသဘော ဆောင်တဲ့ အကြံပြု ချက်တွေ၊ လက်တွေ့ အခြေအ နေနဲ့ သဟဇာတ ဖြစ်မယ့် အချက်တွေ၊ ပြီးတော့မြန်မာ့ ပြည်တွင်း ရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးမှု မရှိတဲ့ အချက်တွေ တခါ အခု ပြုပြင် ပြောင်းလဲတဲ့ လုပ်ငန်း စဉ်တွေကို ထိခိုက်မှု မရှိတဲ့ အချက် တွေကိုတော့ လက်ခံ သွားမယ်” ဟု ဆိုပါသည်။
မစ္စတာ ကင်းတားနား ကမူ ၄င်း၏ တွေ့ရှိချက် များသည် အောက်ခြေ၌ ဖြစ်ပေါ် နေသည့် ဖြစ်ရပ် အခြေအနေ မှန်များအား ရှာဖွေ ထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ခေါင်းဆောင် များကို အချက်အလက် အခြေပြုသော ဆုံးဖြတ် ချက်များချမှတ် နိုင်ရေး (Inform-Decision Making) အတွက် တင်ပြ ထားခြင်း ဖြစ်ကြောင်း တုန့်ပြန် ခဲ့ပါသည်။
ယင်း အစီရင် ခံစာတွင်မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များအား ထောက်ပြ ထားပြီး နိုင်ငံရေး အကျဉ်းသား များလွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် ခံဝန်ချက် လက်မှတ်ထိုးနေ ရသည့် ကျန်ရှိ ပြစ်ဒဏ် များ ပြန်လည် ကျခံ ရန်ရှိ ကိစ္စကိုမစ္စတာ ကင်တားနားက ထောက်ပြ ဝေဖန် ထားသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ အစိုးရ သက်တမ်းအတွင်း ၂၀၁၁ မေလမှ စ၍ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ၁၁ ကြိမ်ဖြင့် နိုင်ငံရေး အကျဉ်းသား ၉၅၁ တို့အား လွှတ်ပေး ခဲ့သည့်အပေါ် ကြိုဆိုကြောင်း ဖော်ပြထားပါသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ်ရော်ဘင်ဆန်ကမူ မစ္စတာကင်တားနား၏ တွေ့ရှိချက် များသည် မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အခြေအနေ ရပ်များနှင့် စပ်လျဉ်း၍ အပြုသဘော ဆောင်ကြောင်း ၊ ဤသို့ကြောင့်နိုင်ငံတကာ ခေါင်းဆောင်များ ဂရုစိုက်သင့်ကြောင်း ဆိုပါသည်။
၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသည်အမေရိကန် နိုင်ငံ နယူးယောက် မြို့၌ ကျင်းပ နေပြီးမစ္စတာ ကင်းတားနား၏ (၂၃) မျက်နှာ ရှိသော မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အစီရင် ခံစာအား ကြားနာ နေခဲ့ ပါသည်။ ဤအစီရင် ခံစာမှ တွေ့ရှိချက် များကို အခြေပြုပြီး လာမည့် နိုဝင်ဘာလ၌ မြန်မာနိုင်ငံ အပေါ် လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက် သဘောထားကို ချမှတ်ကြမည် ဖြစ်ပါသည်။
မစ္စတာကင်တားနားသည်၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ သစ် တက်လာပြီး နောက်ပိုင်း မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် တာဝန် အနေနှင့် မြန်မာ နိုင်ငံသို့ (၇) ကြိမ်မြောက် လာရောက် ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး ခရီးစဉ် အဖြစ်ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့တွင် ဖြစ်ပါသည်။
၄င်း၏ ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် (၆) နှစ် သက်တမ်း မှာလည်း လာမည့် ၂၀၁၄ ခုနှစ် မတ်လ၌ ကုန်ဆုံး တော့မည် ဖြစ်သည်။